လာမည့် ဒီဇင်ဘာလ အကုန်တွင် ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့အကြား သဘောတူညီချက် လက်မှတ်ရေးထိုးမှုတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု UPDJC အတွင်းရေးမှူး ဦးလှမောင်ရွှေကပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် နိုဝင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးခြင်း စကားဝိုင်းဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“AA နဲ့ ကျနော်တို့ ပြောနေတဲ့အတွက် ဒီဇင်ဘာလကုန်လောက်မှာ ကျေညာချက်တွေ ထွက်ကောင်း ထွက်လာနိုင်ပါတယ်။ ကျနော်တော့ အာမမခံနိုင်ဘူး။ ထွက်လာနိုင်တယ်လို့ ပြောတာ။ ပီးရင်တော့ နှစ်ဦးနှစ်ဘက် သဘောတူထိုးတာလဲ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါတွေကျတော့ ကျနော်တို့ ဆက်ပြီးလုပ်ရမယ်”ဟု ဦးလှမောင်ရွှေက ထည့်သွင်းပြောကြားခဲ့သည်။
ယင်းသို့ အခြေအနေမျိုး ဖြစ်ပေါ်လာပါက ရခိုင်ပြည်နယ်တွင်ရှိသည့် မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များအနေဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍက ပါဝင်ရမည်ဖြစ်ပြီး၊ မိမိတို့ဘက်မှ မည်သည့်အရာကို လုပ်ပေးနိုင်မလဲ ဆိုသည်များကိုလည်း စဉ်းစားထားဖို့ လိုအပ်သည်ဟု UPDJC အတွင်းရေးမှူးက တိုက်တွန်းပြောကြားခဲ့သည်။
“ALP က NCA လက်မှတ်ရေးထိုးထားတဲ့အတွက် UPDJC မှာ ထိုင်ခုံတစ်လုံးရတယ်။ ANC က သူတို့ တောင်းဆိုချက် မရရင် လက်မှတ်မရေးထိုးဘူးဆိုတဲ့အတွက် ANC က ပါမလာဘူး”ဟု ဦးလှမောင်ရွှေက ပြောသည်။
မိမိတို့ မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် ညှိနှိုင်းသည့်ယဉ်ကျေးမှု လိုအပ်သည်ဟုဆိုသည်။
“ညှိနှိုင်းတဲ့ ယဉ်ကျေးမှုလိုတယ်။ အဲဒီညှိနှိုင်းမှုအပေါ်မှာလည်း လက်ခံပေးဖို့ လိုအပ်တယ်။ ကျနော်တို့ နိုင်ငံမှာ ပိုပြီးခက်တာက လူမျိုးစုတွေ အများကြီးပဲ” ဟု ၎င်းက ပြောသည်။
ယင်းသို့ မတူကွဲပြားမှုများရှိနေသည့်အတွက် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာမည့် ဖက်ဒရယ်သည် အချိုးမညီ ဖက်ဒရယ်မျိုး ဖြစ်လာနိုင်သည်ဟုလည်း ဦးလှမောင်ရွှေက ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ ခံစားချက်ထဲတွင် မိမိတို့လူမျိုးကို ကိုယ်စားပြုသည့် အင်အားကောင်းသော တပ်ဖွဲ့တစ်ခုရှိမှ လူရာဝင်သည်ဟု ယူဆချက်အပေါ်တွင် တပ်အင်အားကို တိုးချဲ့တည်ဆောက်လာသလို တပ်မတော်ဘက်ကလည်း လိုအပ်သည့် စစ်အင်အားကို တိုးချဲ့တည်ဆောက်လာသည့်အတွက် စစ်ဘောင်သည် တဖြည်းဖြည်းကျယ်လာသည်ဟုလည်း စကားဝိုင်းတွင် ဆွေးနွေးသူများက ထည့်သွင်း ပြောကြားခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် UPDJC အတွင်းရေးမှူး ဦးလှမောင်ရွှေ၊ စာရေးဆရာ ဦးမောင်မောင်စိုး၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန ကထိက ဒေါက်တာစိုင်းမျိုးထွန်းနှင့် ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောတို့က လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအလားအလာ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်မှု အလားအလာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။







