မွန်ဝန်ကြီးချုပ်ကို အရေးယူရန် မရှိကြောင်း NLD တုန့်ပြန်

မွန်ဝန်ကြီးချုပ်ကို အရေးယူရန် မရှိကြောင်း NLD တုန့်ပြန်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အရေးယူမည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း မွန်ဝန်ကြီးချုပ်နှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

ဧရာဝတီသတင်းဌာနတွင် နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် “တိုင်စာများရှိ၍ မွန်ဝန်ကြီးချုပ်ကို သတိပေးမည်ဟု NLD ပြော” ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသားဖေါ်ပြထားသည့် သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ပါတီကလည်း ပြောဆိုထားခြင်းမရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက နိုဝင်ဘာ ၂၈ ရက်နေ့ (ယမန်နေ့) တွင် သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ကာ ပြန်လည်ရှင်းလင်းခဲ့သည်။

“အဲဒီကိစ္စကို ဒေါက်တာမျိုးညွန့်ကိုမေးကြည့်တော့ သူက ရယ်ပြီး “ငါဘာလို့ပြောရမလဲ၊ မင်းနဲ့ပတ်သက်လို့ ဘာမှမပြောခဲ့ပါဘူး” လို့ ပြန်ပြောလာပါတယ်၊ ပါတီကိုတိုင်ကြားထားမယ်ဆိုရင်လည်း ပါတီကတော့ ခေါ်မေးမှာပဲ၊ အခုထိတော့ ပါတီက ခေါ်မေးတာတွေ မရှိပါဘူး၊ မဟုတ်မမှန်ပဲနဲ့သတင်းကို မရေးသင့်ပါဘူး” ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ထို့အပြင် မွန်ပြည်နယ်အတွင်း ပါတီဝင်အချင်းချင်းကြား တိုက်ခိုက်မှုများလည်း မရှိဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆက်ပြောသည်။

ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည့်သတင်းနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ခြင်းမရှိ ဟုလည်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ဧရာဝတီသတင်းဌာနကို ကျနော် ဘာမှ ပြောမထားပါဘူး၊ မွန်နဲ့ ပတ်သက်လို့ ကျနော် တို့စစ်ဆေးနေတာလည်းမရှိသလို မွန်ဝန်ကြီးချုပ်ကို သတိပေးဖို့ဆောင်ရွက်ထားတာလည်းမရှိပါဘူး” ဟု ၎င်းက ပြောသည်။

“တိုင်စာများရှိ၍ မွန်ဝန်ကြီးချုပ်ကို သတိပေးမည်ဟု NLD ပြော” ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာန၏ မြန်မာပိုင်း Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည့် ရှင်းလင်းချက်ထဲတွင် မွန်ဝန်ကြီးချုပ် သတိပေးခံရသည် ဆိုသည့် သတင်းကို နေပြည်တော် လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝိုင်းမှ သိရ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ထံ ဆက်သွယ်ခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ပါတီက သတိပေးထားသည်မှာ ဟုတ်ပါသလားဟု ဧရာဝတီက မေးမြန်းရာ ပါတီတာဝန်ရှိသူ ဒေါက်တာမျိုးညွှန့်က ဟုတ်မှန်ကြောင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သတိပေးရန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်ဟုပါရှိသည်။

ထို့နောက် ဧရာဝတီက ကာယကံရှင် မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုလည်း ဆက်သွယ်မေးမြန်းရာ ၎င်းက တာဝန်ရှိသူများထံ မေးမြန်းဦးမည်ဟု ပြောကြားခဲ့၍ ယင်းဖြေကြားချက်အတိုင်း သတင်းတွင် ရေးသားဖော်ပြခဲ့ပါသည် ရှင်းလင်းချက်ထဲတွင် ထည့်သွင်းထားသည်။

၎င်း၏ သတင်းနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ဒေါက်တာအေးဇံက မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ရှင်းလင်းပွဲ ပြုလုပ်သည်ဟု ဧရာဝတီက သိရှိရ၍ NLD ပြောခွင့်ရ ဒေါက်တာ မျိုးညွှန့်ကို ပြန်လည်မေးမြန်းရာတွင် ကယားဝန်ကြီးချုပ်နှင့် မှားယွင်း၍ အတည်ပြုပြောဆိုမိခြင်းဖြစ်ကြောင်း၊ မွန်ဝန်ကြီးချုပ်တွင် မည်သည့် ပြသာနာမျှ မရှိကြောင်း နားလည်မှု လွဲမှားခြင်းသာ ဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါသည်ဟု ဖော်ပြထားသည်။

အဆိုပါသတင်းဖော်ပြမှုနှင့် ပတ်သက်၍ လိုအပ်ပါက သတင်းမီဒီယာကောင်စီကို အကြောင်းကြားသွားမည်ဖြစ်ကြောင်းနှင့် သတင်းထွက်ပေါ်လာရသည့် အကြောင်းအရင်းကိုလည်း မေးမြန်းသွားမည်ဟု ဒေါက်တာမျိုးညွှန့်က ဆက်ပြောသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...