စစ်ရှောင် ဒုက္ခသည် နှစ်ဦးအား တပ်မတော်မှ ထိန်းသိမ်း ရိုက်နှက်

စစ်ရှောင် ဒုက္ခသည် နှစ်ဦးအား တပ်မတော်မှ ထိန်းသိမ်း ရိုက်နှက်

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း-၂ မှ စစ်ဘေးရှောင် ဒုက္ခသည်နှစ်ဦးအား မကြာခင် ရက်ပိုင်းက အစိုးရ တပ်မတော်မှ ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု စခန်းကော်မတီ တာဝန်ရှိသူများက ပြောသည်။

“ဦးဇော်တောင်က ပိုဆိုးတယ်။ ခေါင်းတွေမှာလည်း အနာတွေ ဒဏ်ရာတွေအများကြီးပဲ ပါလာတယ်။ သွေးတွေ ယိုနေတာပေါ့နော်။ မျက်စိပိတ်ထားပြီးမှ ရိုက်ခံရတယ်တဲ့။ ပြီးရင် လူငယ် မောင်လဖိုင်ဇော်ဝမ်ကလည်း အရိုက်ခံရတယ်။ ဒီနေ့ဆို မထနိုင်ဘူး။ လမ်းတောင်မလျှောက်နိုင်ဘူး။ စစ်ဆေးရင်း မေးမြန်းရင်း ရိုက်ခံရတာပေါ့။ IDPs ကဆိုရင်လည်း မဟုတ်ဘူးဆိုပြီး ရိုက်ခံရတာပေါ့။ အိပ်ယာထဲမှာပဲ လဲနေတယ်။ ဒူးတွေ ပေါင်တွေ အကုန်လုံး တစ်ကိုယ်လုံးရိုက်ထားတယ်” ဟု စခန်း ကော်မတီဝင် တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လည် တစ်နာရီကျော်အချိန်ခန့်က ကွတ်ခိုင်ရှိ IDPs စစ်ရှောင်စခန်း-၂ မှ စစ်ဘေး ရှောင် ဦးအင်ခွန်ဇော်တောင်နှင့် ကချင်လူငယ် ဦးလဖိုင်ဇော်ဝမ် တို့အား တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဲခြင်း ဖြစ်သည်ဟု ပြောသည်။

၎င်းစစ်ရှောင်နှစ်ဦးမှာ အသင်းတော်မှ ကျင်းပသည့် ဘော်လီဘောပြိုင်ပွဲအတွက် လေ့ကျင့်ရန်သွားစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“ဘော်လီဘော ပြိုင်ပွဲကျင့်ဖို့သွားလိုက်တာ။ လူကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက်ပါ။ အဲ့ဒါလမ်းမှာ ဖမ်းဆီး ခံရတာပေါ့နော်။ အဲ့ဒီ မန်မောင်ကျေးရွာမှာရှိတဲ့တပ်ကလို့ ပြောတယ်။ ဖမ်းသွားတယ်ဆိုတာက သူတို့ရဲ့ ဖုန်းမှာ ကချင်စစ်တပ် KIA ရဲ့ သီချင်းပါတယ်လို့ အဲ့လိုပြောတယ်။ သီချင်းပါနေတော့ အဲ့ဒါ ဆက်စပ်ရင်းနဲ့ပေါ့နော် အဲ့မှာ နင်တို့ပါတယ်ဆိုပြီးလေ၊ တကယ်ဆို အဲ့မှာ သူတို့နှစ်ယောက်မပါပါဘူး” ဟု အဆိုပါ စခန်းကော်မတီဝင်က ဆက် ပြောသည်။

“သီးချင်းနားထောင်ဖို့ သူများကတဲ့ဟာကို phone ထဲမှာ save ထားတာပေါ့နော်။ အဲ့ဒါ အဲ့ဒီသီချင်းအကထဲမှာ နင်ပါတယ်ဆိုပြီး ဦးဇော်တောင်တို့ကို ဖမ်းထားကြတာပေါ့။ မဟုတ်ဘူးဆိုလည်း နင်နဲ့တူတယ်ဆိုပြီးဖမ်းပြီး ရိုက်တာခံရတာပေါ့။ IDPs ဟုတ်တယ်ဆိုလည်း ဖမ်းတာပေါ့။”

ထိုကဲ့သို့ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စခန်းကော်မတီမှ တာဝန်ရှိသူများအနေဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ထံ အကြောင်းကြားခဲ့သည်ဟု ပြောသည်။

ထို့နောက် ညနေ ၅ ကျော်အချိန်ခန့်တွင် တပ်မတော်မှ ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင် IDPs များအား လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သည် ဆိုသည့် စွပ်စွဲချက်များဖြင့် မကြာခဏဖမ်းဆီး စစ်ဆေးထိန်းသိမ်းခြင်းများ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပွားလျှက်ရှိသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍လည်း မည်သည့်အဖွဲ့အစည်းကမှ တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးခြင်း မရှိဘူးဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်အတွင်း ကောက်ရိတ်သိမ်းနေသည့် ဒေသခံ အမျိုးသား တစ်ဦးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၂၀ ရက်နေ့က ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာ စစ်ရှောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင် ၅ ဦးအား ကွတ်ခိုင်အခြေစိုက် ခလရ ၄၅ နှင့် တပ်မ ၉၉ တို့ က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

စစ်ရေးတင်းမာနေသည့်ဒေသများ၊ တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများတွင် ဒေသခံပြည်သူများအနေဖြင့် နှစ် ဖက်လက်နက်ကိုင်တပ်များ၏ မင်္သကာဖြစ်မှုများ၊ လက်နက်ကိုင်များနှင့် ဆက်စပ်ဆက်နွယ်သည် ဆိုသည့် စွပ်စွဲချက်ဖြင့် မကြာခဏဖမ်းဆီး စစ်ဆေးခံရမှုများ ဖြစ်ပွားနေပြီး အချို့မှာ ပြန်လည်လွှတ်မြောက်လာသော်လည်း ပြန်လည်လွှတ်မြောက်လာခြင်း မရှိသည့်သူများလည်း အများအပြားရှိနေသည်ဟု ဒေသခံများက ပြောသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...