နှစ်စဉ်တန်ဆောင်မုန်းလပြည့်တွင် ပြုလုပ်ကျင်းပလေ့ရှိသည့် ဘဲငါးရာတောင်တက်ပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ရာ လူပေါင်းထောင်နှင့်ချီပြီး တက်ရောက်ခဲ့ကြသည်။
ယခုနှစ်က ဘဲငါးရာတောင်တက်ပွဲသို့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်များမှ လူငယ်များက လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပြီး အနည်းဆုံး လူပေါင်း တစ်ထောင်ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
ဘဲငါးရာတောင်သို့ တက်သည့် လမ်း ၃ လမ်းဖြစ်သည့် ယိုးတရုပ်မြောင်ဘက်မှတက်ရသည့်လမ်း၊ တောင်နားရွာဘက်မှ တက်ရသည့်လမ်းနှင့် ကြံခင်းဘက်မှ တက်ရသည့်လမ်းဆိုပြီး လမ်းကြောင်း ၃ ကြောင်းရှိကြောင်း သိရသည်။
၎င်းတောင်တက်လမ်းကြောင်း သုံးခုအနက် ယိုးတရုပ်မြောင်ဘက်မှ တက်ရသည့် လမ်းသည် အဆင်ပြေ ချော့မွေ့မှု အရှိဆုံးဟု ဘဲငါးရာတောင်တက်သူများထံမှ သိရသည်။
“ကျမတို့ မင်းပြားကနေ လာပြီး တောင်တက်ကြတာပါ။ တောင်နားရွာဘက်က တက်လာတာ အန္တရာယ်များပါတယ်။ တောင်ထိပ်ကို ရောက်တောင် ရောက်ပါ့မလားဆိုပြီး စိတ်ပူပင်ခဲ့ပါသေးတယ်။ အဆင်းမှာ ဘယ်လိုဆင်းရမလဲဆိုတာကို တွေးပြီးတော့လည်း စိတ်ပူနေပါတယ်။ အခု ယိုးတရုတ်မြောင် ဘက်က ဆင်းတဲ့အဖွဲ့နဲ့တွေ့တော့ ပြန်ဆင်းရတာအဆင်ပြေ ချောမွေ့ခဲ့ပါတယ်။ ပျော်လည်း ပျော်ပါတယ်”ဟု မင်းပြားမြို့မှ လာရောက်တောင်တက်ကြသူများက ပြောသည်။
တောင်နားရွာလမ်းကို အဓိက အသုံးပြု၍ တောင်တက်ကြသော်လည်း ထိုလမ်းမှာ မတ်စောက်ပြီး ချောက်ကမ်းပါးများကို ချိတ်ဆွဲတက်ရသည့်အတွက် အန္တရယ်ရှိသည်ဟု တောင်တက်သမားများထံမှ သိရသည်။
ယိုးတရုတ်မြောင်ဘက်မှ တက်သည့်လမ်းမှာ သိသူနည်းပြီး၊ အသုံးပြုသူနည်းသော်လည်း တောင်တက်သူများအတွက် အဆင်ပြေ ချော့မွေ့မှုအရှိဆုံးဟု တောင်တက်သူများက ပြောသည်။
“ကျမနှစ်တိုင်းလိုလို ဘဲငါးရာတောင်ကို တက်ဖြစ်ပါတယ်။ လမ်း ၃ လမ်းရှိတဲ့အနက် ယိုးတရုတ် မြောင်ဘက်က တက်ရတဲ့လမ်းက အဆင်အပြေဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ တောင်နားရွာဘက်က လမ်းကတော့ ချောက်ကမ်းပါးတွေများပြီး၊ လမ်းကြမ်းတယ်။ ကိုင်တွယ်စရာတွေ မရှိတဲ့အတွက် အန္တရာယ်လည်း ရှိပါတယ်”ဟု ယိုးတရုပ်ကျေးရွာသူ ဒေါ်သဇင်ဖြူက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ဘဲငါးရာတောင်ကို တက်ရာတွင် တစ်ချို့က တန်ဆောင်မုန်းလဆန်း ၁၄ ရက်ည သန်းခေါင်ကျော်အချိန်မှ စတက်ကြပြီး၊ အများစုမှာ တန်ဆောင်မုန်း လပြည့် နံနက် ၂ နာရီမှ ၄ နာရီအတွင်း တောင်ကို စတက်ကြသည်ဟု သိရသည်။
တောင်နားရွာဘက်မှ လမ်းမှာ တက်ရန်ခက်ခဲ့သည့်အတွက် တစ်ချို့ တောင်တက်သမားများသည် တောင်ထိပ်သို့ ရောက်အောင် မတက်ကြဘဲ လမ်းထက်ဝက်မှ လှည့်ပြန်သွားကြသည်ဟု သိရသည်။
“ကျမတို့ မနှစ်ကလည်း ဘဲငါးရာတောင်ကို တက်ဖို့ လာရောက်ခဲ့ကြပါတယ်။ တောင်နားရွာဘက်က လမ်းကတက်တော့ တော်တော်အခက်အခဲရှိတဲ့အတွက် လမ်းထက်ဝက်ကဘဲ လှည့်ပြန်လာခဲ့ကြပါတယ်။ ဒီနှစ် ယိုးတရုပ်မြောင်ဘက်က တက်တော့ သိပ်မပင်ပန်းဘဲ သက်သောင့်သက်သာနဲ့ တောင်ထိပ်အရောက် တက်နိုင်ခဲ့ပါတယ်”ဟု စစ်တွေမြို့မှ ကျောင်းဆရာမ ဒေါ်ချိုချိုက ပြောသည်။
ဘဲငါးရာတောင်ကို တက်ရာတွင် တောင်နားရွာလမ်းသည် တောင်ထိပ်နှင့် အနီးဆုံးဖြစ်သော်လည်း တောင်တက် တောင်ဆင်း ပြုလုပ်သူများသည့်အတွက် တောင်တက်ကြာချိန်မှာ ၃ နာရီကျော်ရှိပြီး၊ ယိုးတရုပ်မြောင်ဘက်မှ တက်သည့်ကြာချိန်နှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ မနွဲ့နွဲ့လှိုင်ကလည်း “ကျမ ယိုးတရုပ်ရွာကို ရောက်တုန်းရောက်ခိုက် ဘဲငါးရာတောင်ကို ပထမဆုံးအကြိမ် တက်ဖြစ်ပါတယ်။ ပင်ပန်းပေမယ့် တောင်တက်ရတာပျော်ပါတယ်။ နောက်နှစ်လည်း တက်မယ်လို့ စိတ်ကူးထားပါတယ်”ဟု ပြောသည်။
တောင်တက်ရာတွင် ၁၀ ကျော်သက်ရွယ်မှ အသက် ၆၀ ကျော်၊ ၇၀ ကျော်ထိ အဘိုးအို၊ အဘွားအို များလည်း ပါဝင်သည်ဟု သိရသည်။
“ဘဲငါးရာတောင်ကို တက်ရတာ ပင်ပန်းတဲ့အတွက် နောက်နှစ်တော့ မလာတော့ဘူးလို့ စိတ်ကူးမိပါတယ်။ ဒါပေမယ့် တောင်တက်ရက်နီးကပ်လာရင် ပြန်ပြီး တက်ချင်စိတ်ပေါ်လာပါတယ်။ ဒီနှစ်မှာတော့ ယိုးတရုပ် မြောင်ဘက်ကတက်လာတာ အဆင်ပြေချော့မွေ့သလို နှစ်တိုင်းထက် ပျော်သလို ခံစားရပါတယ်”ဟု ဒေါ်သဇင်ဖြူက ပြောသည်။
ဘဲငါးရာတောင်သည် ပုဏ္ဏားကျွန်းမြို့မြောက်ဘက် ၁၇ မိုင်ခန့်အကွာ စစ်တွေ-ရန်ကုန်ကားလမ်း အနောက်ဘက်တွင် တည်ရှိပြီး အမြင့်ပေ ၁၃၆၁ ပေရှိကာ၊ ရှေးရခိုင်ဘုရင်လက်ထက်က ဘုရင်တစ်ပါးက ရတနာသိုက်များကို ဝှက်ထားခဲ့ရာနေရာတစ်ခုအဖြစ် လူသိများသည်။







