နယ်လုံဝန်ကြီး အစားထိုးရန် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးခေါ်

နယ်လုံဝန်ကြီး အစားထိုးရန် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးခေါ်

မွန်ပြည်နယ်လွှတ်တော်အတွင်း လစ်လပ်သွားသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအပါအဝင် လစ်လပ်သွားသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစား ထိုးခန့်အပ်နိုင်ရေးအတွက် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပ မည်ဟု မွန်ပြည်နယ်လွှတ်တော်ရုံး တာဝန်ရှိသူက ပြောသည်။

အဆိုပါ အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက်နေ့ (သောကြာနေ့) တွင် ကျင်းပသွားမည် ဟု မွန်ပြည် နယ်လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

“တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပြောင်းအလဲရှိတယ် အဲ ၂ ဦးထဲမှာ ၁ ဦးက အစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီးဖြစ်တယ် အဲဒီကိစ္စပဲ အစားထိုးခန့်အပ်ဖို့အတွက်ကို အရေးပေါ်အစည်းအဝေးလုပ်တာဖြစ်တယ်၊ တခြားအကြောင်းအရာတော့မရှိဘူး”ဟု ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

အရေးပေါ်အစည်းအဝေးတွင် အစားထိုးခန့်မည့် တပ်မတော်သားကိုယ်စားလှယ် ၂ ဦး ကတိသစ္စာပြုရန်နှင့် ဝန်ကြီးချုပ်က ပေးပို့လာသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်ကို ဖတ်ပြရမည်ဟု သိရသည်။

အဆိုပါအမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်ကို လွှတ်တော်က ကန့်ကွက်ရန်ရှိ မရှိ၊ ကန့်ကွက်သူမရှိပါက အတည်ပြုသွားမည့် အစီအစဉ်များပါရှိမည်ဟု ဒေါက်တာအောင်နိုင်ဦး က ဆက်ပြောသည်။

ယခုအပတ် သောကြာနေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးသည် ၃ ရက်သာ ကြိုတင်ဖိတ်ကြား ရသည့် အရေးပေါ်အစည်းအဝေးဖြစ်သောကြောင့် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် အခြားအကြောင်းအရာများ မေးမြန်းခြင်း၊ တင်သွင်းခြင်း ဆွေးနွေးခြင်းအစီအစဉ်များ ပါရှိမည် မဟုတ်ကြောင်း လွှတ်တော်ရုံးက ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလက နောက်ဆုံးအကြိမ် ကျင်းပခဲ့သည့် အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၁ ကြိမ်၊ အထူးအစည်းအဝေး ၂ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉ ဦး၊ မွန်အမျိုးသားပါတီမှ ၂ ဦး၊ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီ ပါတီမှ ၁ ဦး၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်းကိုယ်စားလှယ် ၃၁ ဦးရှိသည်။

May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...