ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ လူငယ် ၈ ဦးကို ယနေ့ မြောက်ဦးမြို့နယ်တရားရုံးတွင် ရမန်ပြည့်၍ ရုံးထုတ်ရာ တရားစွဲဆိုရန် အကြောင်း မပေါ်ပေါက်သဖြင့် မြောက်ဦးမြို့နယ် တရားသူကြီးက ၎င်းလူငယ် ၈ ဦးကို အပြီးအပြတ် လွတ်ပေးလိုက်ကြောင်း သိရသည်။
သို့သော် ရဲတပ်ဖွဲ့က ၎င်းလူငယ် ၈ ဦးကို နိုင်ငံဝန်ထမ်းများကို အနာတရ ဖြစ်စေမူ ပုဒ်မ (၃၃၂) နှင့် ထပ်မံ တရားစွဲဆိုရန် စီစဉ်ပြီး တစ်ဦးလျှင် အာမခံ (၅)သိန်းကျပ်စီဖြင့် လူ နှစ်ဦးကို အာမခံ ယူခိုင်းကာ လွတ်ပေးလိုက်သည်ဟု သိရသည်။
သူတို့ အမှုကို လိုက်ပါဆောင်ရွက်ပေးသူတရားလွှတ်တော် ရှေ့နေလည်း ဖြစ်၊ ANP အထွေထွေအ တွင်းရေးမှူးလည်း ဖြစ်သော ဦးထွန်းအောင်ကျော်က “ နိုင်ငံတော်အလံ အက်ဥပဒေ ပုဒ်မ (၁၆) ကုန်ခဲ့တဲ့ အပတ်ကနေ ရမန်ယူပြီး ဆက်လက်ပြီး ဖမ်းချုပ်ပါတယ်။ မြောက်ဦးမြို့နယ် ရဲစခန်းမှာ ချုပ်ထားတာပါ။ ဒီနေ့ ရမန် ပြည့်တဲ့ အတွက် မြောက်ဦး မြို့နယ် တရားရုံးကို တင်တဲ့ အခါ နိုင်ငံတော်အလံ အက်ဥပဒေ ပုဒ်မ (၁၆)နဲ့ တရားစွဲဆိုရန် အကြောင်း မပေါ်ပေါက်ဘူးဆိုပြီး မြောက်ဦးဖြစ်စဉ်မှာ ပါတဲ့ ကလေး ၈ ကို အပြီးအပြတ် တရားမစွဲဘဲနဲ့ လွတ်ပေးလိုက်ပါတယ်။ သို့သော်လည်း ရဲက ဒီကလေးတွေကို ရဲစခန်းကို ခေါ်ယူသွားပြီး ပုဒ်မ ၃၃၂ နဲ့ ဆက်လက်ပြီး တရားစွဲဆိုရန် ရှိတဲ့ အတွက် ရဲအာမခံလုပ်ခိုင်းပါတယ်။ ကျပ်ငွေ ၅ သိန်း လူ ၂ ယောက်စီနဲ့ အာမခံလုပ်ပြီး လွတ်လိုက်ပါတယ်” ဟု ပြောသည်။
သူတို့အား ရဲက ဆက်လက် တရာစွဲဆိုရန် အစီအစဉ်ရှိသော်လည်း ဥပဒေကြောင်းအရ ခုခံကာကွယ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
“ ရဲကတော့ ဒီလို ပြောတာပါ။ သို့သော်လည်း လုပ်ထုံးလုပ်နည်းအရ ဒီကလေးတွေဟာ ၈ လလည်း တရားစွဲဆိုခံရပြီး အမှုကိ်ု ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒီလို အကြိမ်ကြိမ် အခါအခါ လွတ်ပြီးတော့မှ ထပ်ပြီး တရားစွဲဆိုနေခြင်းဟာ အကြောင်းခြင်းရာ တစ်ခုတည်းပေါ်မှာ အကြိမ်ကြိမ်အခါအခါ စွဲဆိုတာဟာ တရားဥပဒေနဲ့ မညီတဲ့ အတွက် အကျိုးဆောင်ရှေ့နေများအနေနဲ့ ဆက်လက်ပြီးစွဲဆိုမှု မပြုလုပ်နိုင်ရေး အတွက် ဥပဒေက ပေးတဲ့အခွင့်အရေးအားလုံးကို အသုံးချပြီး ခုခံကာကွယ်သွားမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။
မြောက်ဦးမှ လူငယ် ၈ ဦးမှာ ယခုအခါ လွတ်မြောက်သွားပြီး မိသားစုရှိရာ နေအိမ်များသို့ အသီးသီး ပြန်သွားကြပြီ ဖြစ်သဖြင့် အထူးဝမ်းမြောက်ကြောင်း သူက ပြောဆိုသည်။
ယနေ့ လွတ်မြောက်လာကြသူများမှာ ကျော်ဝင်းနိုင်၊ ကျော်မင်းစိုး၊ ဦးသန်းဇော်၊ အောင်ကျော်မြင့်၊ ရွှေမောင်၊ အောင်ဌေး၊ ထွန်းကျော်စိန်နှင့် ကျော်ကျော်နိုင်တို့ဖြစ်ကြသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၂၃၃) နှစ်မြောက် ရခိုင့်အချုပ် အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ်အတွက် ဟောပြောပွဲကို ဒေသအစိုးရ အာဏာပိုင်များက ပိတ်ပင် တားဆီး ခဲ့သောကြောင့် မြို့ခံလူထုက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့သည်ကို အစိုးရ အာဏာပိုင်များက အကြမ်း ဖက်နှိမ်နှင်းခဲ့ရာ ဒေသခံအရပ်သား (၇) ဦး သေဆုံးပြီး၊ (၁၂) ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိခဲ့သူ (၁၂) ဦးအနက် စစ်တွေဆေးရုံတွင် ဆေးကုသခံနေရ သည်ပြည်သူ (၈) ဦးကို အစိုးရက ပြည်သူ့ပိုင်ပစ္စည်း ဥပဒေပုဒ်မ ၆(၁) ဖြင့် တရားစွဲဆိုခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ (၁၄၈) ဖြင့် စစ်တွေမြို့နယ်တရားရုံးမှ စက်တင်ဘာ လ (၂၄) ရက်နေ့က ထောင်ဒဏ် (၈) လချမှတ်ခဲ့သည်။
ချုပ်ရက်စေ့နေပြီ ဖြစ်သဖြင့် လူငယ်ရှစ်ဦးကို အဆိုပါနေ့က လွတ်ပေးရမည် ဖြစ်သော်လည်း ရဲက လွှတ်မပေးဘဲပြန်လည် ဖမ်းဆီး ချုပ်နှောင်ထားပြီး နိုင်ငံတော် အလံဥပဒေပုဒ်မ (၁၆) ဖြင့် ဆက်လက် တရားစွဲရန် ရမန်ယူရာ ယနေ့ အောက်တိုဘာ ၉ ရက် ရမန်ရက်ကုန်ဆုံး၍ မြောက်ဦးမြို့နယ် တရားရုံးကို ရုုံးထုတ်ရာ တရားရုံးက အပြီးပြတ် လွတ်ပေးလိုက်ခြင်း ဖြစ်သည်။







