မြောက်ပိုင်း စစ်မဟာမိတ် အဖွဲ့များနှင့် အစိုးရတို့ အောက်တိုဘာတွင် ထပ်မံတွေ့ဆုံမည်

မြောက်ပိုင်း စစ်မဟာမိတ် အဖွဲ့များနှင့် အစိုးရတို့ အောက်တိုဘာတွင် ထပ်မံတွေ့ဆုံမည်

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း စစ်မဟာမိတ်အဖွဲ့ ၃ ဖွဲ့တို့ အောက်တိုဘာလအတွင်း တွေ့ဆုံမည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် PSLF/TNLA က ပြောသည်။

“ဟုတ်ကဲ့ နောက်လမှာ တွေ့ဖို့က နှစ်ဘက်က သဘောတူထားတယ်။ ဘယ်နေ့ဖြစ်မလဲဆိုတာ ပြန်ပြီး ညှိမရသေးဘူး။ သုံးဖွဲ့ ပဲဖြစ်တယ်။ AA ရယ်၊ MNDAA ရယ်၊ TNLA ရယ်။ သုံးဖွဲ့” ဟု တအန်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

တွေ့ဆုံဆွေးနွေးမည့် ရက်ကို ပြန်လည်ညှိနှိုင်းရန်ရှိပြီး တွေ့ဆုံဖြစ်မည်ဆိုပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တွေ့ဆုံနိုင်သည်ဟု PSLF/TNLA ကပြောသည်။

အောက်တိုဘာလအတွင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးကြမည့် မြောက်ပိုင်း မဟာ မိတ်အဖွဲ့ ၃ ဖွဲ့မှာ ရက္ခိုင့်တပ်မတော် AA၊ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA ကိုးကန့်တပ်ဖွဲ့) တို့ ဖြစ်သည်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံနိုင်ရန် အဓိက ကြားဝင်စေ့စပ် ညှိနှိုင်းပေးနေသည်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း (Sun Guoxiang) ဖြစ်သည်။

အဆိုုပါ တွေ့ဆုံမှုမှ ဖြစ်ပွားနေသည့် နှစ်ဖက် စစ်ရေးပဋိပက္ခများကို လျှော့ချနိုင်ရန် မျှော်လင့်ကြောင်း PSLF/TNLA က ဆိုသည်။

“အဓိကဘာအကြောင်းတွေ ဆွေးနွေးသွားမလဲ ဆိုရင်တော့ လက်ရှိတိုက်ပွဲ အခြေအနေကို ဘယ်လိုလျှော့ချမလဲ အဲဒီကိစ္စလည်းပါတာ ပေါ့နော်။ တွေ့ ဆုံဆွေးနွေး ပြီးမှ ဘယ်လိုရှေ့ဆက်သွားမလဲ အဲလိုမျိုးရတာပေါ့” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ကလည်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း မဟာ မိတ်အဖွဲ့တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံခဲ့ကြပြီး ရပ်တန့်နေသည့် ဆွေးနွေးပွဲ လမ်းကြောင်းများကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့က တွေ့ဆုံမှုတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့မှ ကိုယ်စားလှယ်များနှင့်အတူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ “၀” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP မှ အသိသက်သေအဖြစ် တက်ရောက်ခဲ့ကြပြီး အစိုးရဖက်မှ ငြိမ်းချမ်းရေး ကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ တက်ရောက်ခဲ့ကြသည်။

မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့တွင် တအန်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA / ကိုးကန့်တပ်ဖွဲ့)တို့ ပါဝင်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...