ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ချုပ်ရက်စေ့၍ လွတ်လာသူများကို နောက်အမှုတစ်ခု ဖန်တီးပြီး ထပ်မံဖမ်းဆီး တရားစွဲဆိုခြင်းမှာ တရားရုံးသည် လွမ်းမိုးမှုတစ်စုံတစ်ရာအောက် ရောက်နေပြီဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဆိုသည်။
မြောက်ဦးဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ ၈ ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၈ လ ချမှတ်ပြီးနောက် လွတ်ရစေ့၍ လွတ်လာမည့်သူများကို နောက်ထပ် ပုဒ်မတစ်ခုဖြင့် တရားရုံးတွင် ရမန်ယူပြီး ထပ်မံဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်ရုံးတွင် ည ၉ နာရီကျော်အချိန်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ဒေါ်အေးနုစိန်က သတင်းထောက်များကို ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
သူမက “ညနေ ၄ နာရီခွဲဆိုရင် တရားရုံးပိတ်ပြီ၊ ရုံးချိန်အပြီးမှာမှ စောင့်ပြီးတော့ ၇ နာရီကျော်အထိ ရမန်ပေးရတယ် ဆိုကတည်းက တရားရုံးအပေါ်မှာ တစ်စုံတစ်ရာ ရှိနေပြီဆိုတာကို ကျမတို့ မျက်မြင်ကိုယ်တွေ့ပဲ”ဟု ပြောကြားသည်။
ယင်းသို့ လွတ်မြောက်လာသူများကို ပြန်လည်ဖမ်းဆီးခြင်းမှာ တရားဥပဒေနှင့် မညီညွတ်ဘဲ မတရားလုပ်ရပ်ဖြစ်နေသည့်အတွက် ရခိုင်အမျိုးသားပါတီအနေဖြင့် မှန်မှန်ကန်ကန် ဘောင်ထဲမှ ရပ်တည်ဖြေရှင်းသွားမည်ဟုဆိုသည်။
“မတရားမှု မှန်သမျှကို ခေါင်းငုံ့မခံနိုင်ဘူး။ မတရားရင် မတရားဘူးဆိုတာကို ပြည်သူအားလုံး သိအောင် ကျမတို့ ပါတီအနေနဲ့ ပွင့်ပွင့်လင်းလင်း ချပြသွားမယ်။ မမှန်မကန် လုပ်တဲ့လူတွေကို မှန်မှန်ကန်ကန် ဘောင်ထဲက ရင်ဆိုင်သွားမယ်။ ကျမအနေနဲ့ ရှေ့နေတစ်ယောက်အနေနဲ့ရော ပါတီခေါင်းဆောင်တစ်ယောက် အနေနဲ့ပါ ရင်ဆိုင် ဖြေရှင်းသွားမယ်”ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌလည်းဖြစ်၊ တရားလွှတ်တော် ရှေ့နေတစ်ဦးလည်း ဖြစ်သူ ဒေါ်အေးနုစိန်က ပြောသည်။
မြောက်ဦးဖြစ်စဉ်နှင့် ဆက်စပ်ပြီး တရားလိုပြသက်သေ ၁၃ ဦးကို စစ်ဆေးခဲ့ရာ မည်သူတစ်ဦးတစ်ယောက်ကမှ တရားစွဲဆိုခံထားရသူ ၈ ဦးတို့ ပစ္စည်းများကို ဖျက်ဆီးသည်ကို မြင်လိုက်သည်ဟု ထွက်ဆိုမှု မရှိသည့်အပြင် နိုင်ငံတော်အလံကို ဖြုတ်ချမှုနှင့် ဆက်စပ်၍ တစ်စုံတစ်ရာ တစ်စွန်းတစ်စမှ ထွက်ဆိုမှု မရှိခဲ့ဟု ဆိုသည်။
“တရားလိုပြ သက်သေ ၁၃ ယောက်ကို စစ်ဆေးခဲ့တဲ့အခါမှာ အလံကိစ္စနဲ့ ဆက်စပ်ပြီး တစ်စုံတစ်ရာ ကျူးလွန်တယ်လို့ တစ်စွန်းတစ်စမှ ထွက်ဆိုမှု မရှိဘဲနဲ့ ဘယ်သက်သေ အသစ်တွေကိုများ ဖန်တီးပြီး လုပ်ခဲ့တာလဲဆိုတာကို မေးခွန်းထုတ်လိုပါတယ်”ဟု ဒေါ်အေးနုစိန်က ပြောသည်။
ယခုလုပ်ရပ်သည် ရခိုင်ပြည်နယ်တွင် ဆူပူအုံကြွမှုဖြစ်လာအောင် ဖန်တီးထားသည့် ထောက်ချောက်တစ်ခု ဖြစ်နိုင်ပြီး ရခိုင်ပြည်သူများအနေဖြင့် မခံမရပ်နိုင်ဖြစ်ပြီး ထောက်ချောက်ထဲသို့ မရောက်ရှိဖို့ သတိထားကြစေရန်လည်း တိုက်တွန်းထားသည်။
ကမ္ဘာကြီးက မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုနှင့် တရားစီရင်ရေးများကို စောင့်ကြည့်နေချိန်တွင် တရားဥပဒေနှင့် မညီသည့် ယခုလိုလုပ်ရပ်မျိုးကို မလုပ်သင့်ကြောင်းဟုလည်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌက ပြောဆိုသွားခဲ့သည်။
မြောက်ဦးဖြစ်စဉ်ဖြင့် လူ ၈ ဦးကို တရားစွဲဆိုခဲ့ခြင်းမှာ ရဲလုပ်ငန်း အားလုံးပြီးစီးအောင် ဆောင်ရွက်ပြီးမှ ဥပဒေအကြံတောင်းပြီးမှ လုပ်ဆောင်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပြီး၊ အလံကိစ္စဖြင့် တရားစွဲလိုလျှင်လည်း တစ်ပြိုင်တည်း တရားစွဲ၍ ရသည့်ကိစ္စရပ်တစ်ခုအပေါ်တွင် တရားခံများလွတ်မြောက် လာပြီးမှ ထပ်မံတရားစွဲဆိုခြင်းမှာ ဥပဒေလုံးထုံးလုပ်နည်းများနှင့် လွဲချော်နေသည်ဟုလည်းဆိုသည်။
နိုင်ငံတော်အလံ ဥပဒေ ပုဒ်မ ၆ အရ ပြစ်မှုထင်ရှားလျှင် ထောင် ၃ နှစ်ထိ ကျခံစေနိုင်ပြီး အာမခံမရသော အမှုဖြစ်သည်ဟု သိရှိရသည်။







