မွန်ပြည်နယ်အတွင်း မူးယစ်ဆေး ဖမ်းဆီးရမိမှု ပိုများလာ

မွန်ပြည်နယ်အတွင်း မူးယစ်ဆေး ဖမ်းဆီးရမိမှု ပိုများလာ

ယခုနှစ်အတွင်း မွန်ပြည်နယ်တွင် မူးယစ်ဆေးဖမ်းဆီးရမှုမှာ ယခင်နှစ်ကထက် ပိုများလာခဲ့သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လထိ ၈ လတာ ကာလအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၂၃၉ မှု ဖမ်းဆီးရမိခဲ့သည် ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုပေါင်း ၂၃၉ မှုတို့မှ ပြစ်မှုကျူးလွန်သည့် ကျားဦးရေ ၃၄၂ နှင့် မဦးရေ ၄၂ ဦးရှိပြီး ယခုနှစ် မူးယစ်ဆေးဝါးဖမ်းဆီးရမှုသည် ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ဖမ်းဆီးရမှု ပိုများလာသည် ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) မြင့်ဝင်း က ပြောသည်။

“မူးယစ်ဆေးဝါးနှိမ်နင်းမှုကိစ္စက အစိုးရကလည်း အားပေးသလိုမျိုးဖြစ်တော့ ဖမ်းဆီးရမှုတွေ ပိုများလာတယ်၊ အရင်နှစ် ကာလထက်စာရင် ဒီနှစ် ဖမ်းဆီးရမိမှုက ပိုများလာတယ်” ဟု ရဲမှူး (ဦးစီး) မြင့်ဝင်း က ပြောသည်။

ဖမ်းဆီးရမိမှုတွင် WY စိတ်ကြွရူးသွပ်ဆေးပြား ၂၂၇၄၄၃ ပြား၊ ICE ၂၈၅ ဒသမ ၅၄ ဂရမ်၊ ဆေးခြောက် ၉၁၈ ဒသမ ၇၆ ဂရမ်၊ ဘိန်းစာရွက် ၅၆၆၂၀ ဒသမ ၉ ဂရမ်၊ ဘိန်းဖြူ ၃၅၀ ဂရမ်ရှိပြီး စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်း ပေါင်း ၁၃၇၀ ကျော်ရှိသည် ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ စာရင်းများအရ သိရသည်။

မွန်ပြည်နယ်ရှိ မြို့ နယ် ၁၀ မြို့ နယ်အတွင်း၌ ရေးမြို့ နယ်နှင့် မော်လမြိုင်မြို့ နယ်တို့မှာ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှု အများဆုံးမြို့ နယ်များဖြစ်သည်ဟု ရဲမှူး (ဦးစီး) က ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း မွန်ပြည်နယ်တွင် ပမာဏ အများဆုံးအဖြစ် သံလွင်တံတား အဆင်း မော်လမြိုင်ဘက်ခြမ်းတွင် ဘိန်းဖြူအပါအဝင်၊ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခွဲကျော် ဖမ်ဆီးရမိခဲ့သည်။

တိုးတက်သော မွန်လူငယ်အစည်းအရုံး (MYPO) ၏ စစ်တမ်းကောက်ခံထားအရ မွန်ပြည်နယ်တွင် မူးယစ်ဆေး ဝါး ရောင်းဝယ်သုံးစွဲမှုသည် ယခုုနှစ်တွင် ပိုမိုများပြားလာသည့် အနေအထားများရှိနေပြီး လက်ရှိတွင် လူငယ် ၇၃ ရာခိုင်နှုန်းကျော်တို့က မူးယစ်ဆေးဝါးသုံးစွဲနေသည် ဟု ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပညာပေးအစီအစဉ်များ၊ တားဆီးမှုများ၊ ထိရောက်စွာ အရေးယူမှုများ အလွန်အားနည်းနေပြီး မူးယစ်ဆေးစွဲ သူများအတွက် ကုသရေးဌာန၊ ပြန်လည်ထူထောင် ရေးဌာနများ၊ အစီအစဉ်များ မရှိသလောက်ဖြစ်နေခြင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဗဟုသုတနည်းပါးခြင်း တိုု့ ကြောင့် ဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားနေရခြင်းဖြစ်သည်ဟုု မွန်ပြည်နယ်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြောသည်။

ထိုု့အပြင် ဒေသအတွင်း ပညာသင်ကြားရေးအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းတိုု့သည် လည်း လူငယ်များအား မူးယစ်ဆေးဝါးသုံးစွဲနှုန်းပိုမိုမြင့်တက်စေခြင်းဖြစ်သည်ဟု တိုးတက်သော မွန်လူငယ် အစည်းအရုံး (MYPO)က ပြောသည်။

ပြည်နယ်အတွင်းက ရောင်းဝယ်သုံးစွဲမှု ပိုမိုများပြားလာနေသည့် မူးယစ်ဆေးဝါးပြဿနာကို အစိုးရ အနေဖြင့် နေ့စဉ်ဖမ်းဆီးလျက်ရှိပြီး ထောင်ထဲတွင်လည်း ထားစရာနေရာမရှိလောက်အောင် မူးယစ်ဆေးဝါးအမှုကို ဖမ်း ဆီးဆောင်ရွက်နေရသည် ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြီးခဲ့သည့် ဒုတိယအကြိမ် မွန်ပြည် နယ်လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင် ပြောခဲ့သည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း ၂၈၃ မှု ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အမှု ပေါင်း ၂၇၀ မှု ဖမ်းဆီးရမိခဲ့သည် ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ စာရင်းများအရ သိရသည်။

 

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...