မြစ်ကြီးနား လူထုဆန္ဒပြပွဲခေါင်းဆောင်များအပေါ် တရားစွဲဆိုမှုကို လက်ခံခြင်း မေးခွန်းထုတ်စရာဖြစ်

မြစ်ကြီးနား လူထုဆန္ဒပြပွဲခေါင်းဆောင်များအပေါ် တရားစွဲဆိုမှုကို လက်ခံခြင်း မေးခွန်းထုတ်စရာဖြစ်

တရားလိုဖက်က တိကျခိုင်မာသည့် သက်သေထွက်ဆိုချက်များ မရှိပဲ အသေရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်သည်ကို တရားရုံးက လက်ခံလိုက်သည့်အပေါ် လက်ရှိတရားရေးမဏ္ဍိုင်သည် မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ကချင်လူထု ဆန္ဒပြပွဲများနှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသူများက ပြောသည်။

တရားစွဲဆိုခံရသူများမှာ ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနဲ့ ဒေါ်နန်ပူတို့ ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့ က ၁၅ ကြိမ်မြောက် ရုံးချိန်းတွင် ၎င်းတို့၏ အမှုကို မြစ်ကြီးနားမြို့နယ် တရားရုံးက လက်ခံလိုက်ခြင်းဖြစ်သည်။

“ဒီအမှုရဲ့ အသွားအလာကို ကြည့်ခြင်းအားဖြင့် ဘာမှတိကျခိုင်မာတဲ့ အနေအထားလည်းမရှိဘူး။ တရားလိုဖက်က သက်သေကို စစ်ဆေးတာလည်း ဘာမှတိကျတဲ့ သက်သေထွက်ဆိုချက်အဖြေ ဘာတစ်ခုမှ မရှိဘူး။ အကုန်လုံးက တပ်မတော်ကနေ ထွက်ခိုင်းလို့ ထွက်ဆိုရပါတယ် ဆိုတဲ့ အနေအထားမှာပဲ ကျနော်တို့ တွေ့ရတဲ့ အပေါ်မှာ ကျနော်တို့ အမှန်တကယ် ဒါကလုံးဝ တရားရုံးကနေ လက်မခံသင့်ဘူး။ လက်မခံသင့်တဲ့ အမှုကိစ္စ တစ်ခုဖြစ်တယ်ဆိုတော့ ကျနော်တို့တွေ့တယ်။” ဟု တရားစွဲဆိုခံထားရသည့် ဦးဇော်ဂျတ် က ပြောသည်။ “အဲဒါကြောင့် ဒီတရားရေးမဏ္ဍိုင်ရဲ့ အနောက်မှာ ဘာတွေ သူတို့ အတွက် လွတ်လွတ်လပ်လပ် မလုပ်နိုင်စရာက မေးခွန်းထုတ်စရာ တစ်ခုဖြစ်လာတယ်။ အဲဒါကြောင့် တရားရေး မဏ္ဍိုင်ဟာ တရားမျှတမှု လုံးဝမရှိဘူးလို့ ကျနော်အဲလိုမျိုးပဲ ယူဆသုံးသပ်မိတယ်” ဟု ဦးဇော်ဂျတ်က ပြောသည်။

၎င်းတို့ ၃ ဦးကို ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင်ပြုလုပ်သည့် ကချင်လူငယ်ထုမှ ဦးဆောင်သော ဆန္ဒထုတ်ဖော် လှုပ်ရှားမှု ပိတ်မိပြည်သူများ လွှတ်ပေးရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ ဓါတ်ပုံများ၊ ပြောဆိုမှုများ၊ အသုံးအနှုန်းများနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည် ဟု ဦးဇော်ဂျတ် က ဆက်ပြောသည်။

“ဒီစွဲချက်ကို ကြည့်ရရင်တော့ ပိတ်မိနေတဲ့ ပြည်သူတွေ ထွက်လာတဲ့အချိန်မှာ တပ်မတော်ကနေ နောက်ဆုတ် ခိုင်းတယ်ကွာ သူတို့ရွာထဲကို လှည့်ပြန်ခိုင်းတယ် နောက်ပြီးတော့ တပ်မတော်နဲ့ အတူတူ နေခိုင်းတယ် ပြီးတော့ တပ်မတော်သား တွေကိုယ်တိုင်က ပြည်သူတွေကို မထီမဲ့ပြင်ပြုတယ်ဆိုတဲ့ စကားလုံးကိုယူပြီးမှ ဂုဏ်အသရေ ကျစေပါတယ် ဆိုပြီးမှ ကျနော်ကို တရားစွဲဆိုရခြင်းဖြစ်တယ်”

အလားတူ “ဆရာမနန်ပူကိုကျတော့ ဒီ IDP တွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တဲ့ဟာလည်း တပ်မတော်ပဲ ပိတ်ပင်တာလည်း တပ်မတော်ပဲဆိုတဲ့ ဥစ္စာတွေထဲမှာပါတယ်။ ပြီးတော့ဦးလွမ်းဇောင်းကျတော့ လေယာဉ်ဖြင့် ဗုံးကြဲခြင်း ချက်ချင်းရပ်ဆိုတဲ့ အဲဒီစာသားတွေပါတဲ့ အဲဒီအနေအထားနဲ့ သူ့ကို စွဲဆိုရခြင်းဖြစ်တယ်” ဟု ဦးဇော်ဂျတ်က ဆက်ပြောသည်။

အမှုနှင့် ပတ်သက်၍ တရားဥပဒေ လမ်းကြောင်းအတိုင်း ရင်ဆိုင်သွားမည်ဟု တရားစွဲဆိုခံရသူများက ပြော သည်။

လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ခံရသည့် ၎င်းတို့ ၃ ဦးကို ကချင်ပြည်နယ်မြို့နယ် တရားရုံးက စတင်စစ်ဆေးသွားရန် ချိန်းဆိုထားသည်ဟု ဦးဇော်ဂျတ် က ပြောသည်။

အသရေဖျက်မှု ပုဒ်မဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ်နှစ်အထိ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ် နှစ်ရပ်လုံး ကျခံရမည် ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...