ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ တစ်ဆို့နေဆဲဖြစ်ကြောင်း နိုင်ဟံသာပြော

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ တစ်ဆို့နေဆဲဖြစ်ကြောင်း နိုင်ဟံသာပြော

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးဖက်များအကြား သဘောထား ကွာဟနေမှုများ ရှိနေဆဲ ဖြစ်သော်လည်း အခြားတိုင်းရင်းသားများနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းကြိုးစား အဖြေရှာသွားမည် ဟု မွန်ပြည်သစ်ပါတီ (NMSP) က ပြောသည်။

အထူးသဖြင့် တပ်မတော်နှင့် တိုင်းရင်းသားများအကြား သဘောထားကွာဟမှုများ ရှိနေသည်ဟု မွန်ပြည်သစ် ပါတီ NMSP ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက သြဂုတ်လ ၂၆ ရက်နေ့က ကျရောက်သော မွန်ပြည်သစ်ပါတီ၏ ၇၁ နှစ်မြောက် မွန်တော်လှန်ရေးနေ့တွင် သတင်းနှင့် မီဒီယာ ကွန်ရက်ကို ပြောသည်။

“ဒါက အဲ့ကိစ္စကိုဆွေးနွေးဖို့က တပ်မတော်ဘက်က Agenda ကို ညှိတဲ့အပိုင်းမှာ လက်ရှိမြန်မာပြည်ရဲ့ နယ်မြေ တွေအားလုံး ဘယ်အစိတ်အပိုင်းမှ လုံးဝကို ခွဲမထွက်ရဆိုတဲ့ မူကို လက်ခံမှ အဲ့ဒီကိုယ်ပိုင်ပြဌာန်းခွင့်တို့ ပြည် နယ်အခွင့်အရေးပိုင်းတို့ စသဖြင့်ပေါ့ အဲ့ဒါကို ဆွေးနွေးမယ်လို့ လက်ခံမယ်လို့သူတို့ ပြောတာပေါ့ဗျာ။ အဲ့ကိစ္စမှာ နည်းနည်းတစ်စို့ သွားတယ်ဗျ”

တိုင်းရင်းသားများက ခွဲထွက်လိုခြင်း မရှိသော်လည်း အာမခံချက်အနေဖြင့် ခွဲမထွက်ပါဟု ကတိမပြုနိုင်သေးပဲ ရှိနေသည်ဟု သူက ပြောသည်။

“အဓိကအားဖြင့်တော့ ပင်လုံစာချုပ် ၄၇ ပင်လုံစာချုပ်မှာ လက်မှတ် ရေးထိုးခဲ့တဲ့အဖွဲ့တွေကိုကျနော်တို့ ကတော့ သူတို့ ရဲ့ ဆန္ဒကို မေးကြည့်တယ်ဗျ၊ သူတို့ က ဘာပြောလဲဆိုတော့ တစ်အချက် သူတို့ ခေါင်းဆောင်ကြီးတွေ လက်နဲ့ရေးခဲ့တဲ့ သဘောတူညီချက်တွေ သဘောကတော့ ၄၇ ဖွဲ့စည်းပုံမှာ ဆယ်နှစ်ကျော်ရင်ပေါ့ဗျာ ရှမ်းပြည်နယ်ရယ်၊ ကရင်နီပြည်နယ်ရယ် ခွဲထွက်ပိုင်ခွင့်ရှိတယ်။ သူတို့ လူကြီးတွေ သူတို့ ခေါင်းဆောင်တွေ လက်နဲ့ရေးထားခဲ့တဲ့ သဘောတူညီချက်တွေကို သူတို့လက်ထက်မှာ ခြေနဲ့ ဖျက်တယ်ဆိုတာမျိုး သူတို့ လက်ထက်မှာ ခြေနဲ့ဖျက်တယ်ဆိုတဲ့ ပုံစံမျိုး သူတို့အဖြစ်မခံချင်ဘူး။ သူတို့ လည်း လူထုရဲ့ ဝေဖန်မှုကို မခံနိုင်ဘူးပေါ့နော်။ အဲ့ဒါကို သူတို့က လက်မခံနိုင်တာ” ဟု နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသားများဘက်မှ ကြည့်မည်ဆိုပါက တိုင်းရင်းသားများ၏ အခွင့်အရေး ပြည်နယ်အခွင့်အရေးများ ပြည့်စုံခိုင်မာစွာ မရရှိသေးသည့် ကာလတွင် ယခုကဲ့သို့ လုံးဝခွဲမထွက်ရဟု ကတိပေးရမည်ဆိုပါက မဖြစ်နိုင်သေးကြောင်း၊ နောက်ပိုင်းတွင် ဖိနှိပ်မှုများရှိလာပါက ခက်ခဲမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် ခွဲထွက်ချင်၍ ပြောဆိုခြင်း မဟုတ်ကြောင်းနဲ့ ရေရာသေချာသည့် အခွင့်အရေး ရရှိရန်သာ လိုအပ်သည်ဟု NMSP က ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသည် ဖက်ဒရယ် အခြေခံမူများနှင့် သက်ဆိုင်သော ကိုယ်ပိုင်ပြဌာန်းခွင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စရပ်များကို ဆွေးနွေးနိုင်ခြင်း မရှိသေးသည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးဖက်များကြား သဘောထားကွာဟနေဆဲဖြစ်ပြီး မည်သိုု့ပင်ဖြစ်စေ ဆက်လက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း အဖြေရှာရမည်သာ ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ NMSP ၏ ၇၁ နှစ် မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ကြေငြာချက်ထဲတွင် ထည့်သွင်းထားသည်။

ထိုု့အပြင် NLD အစိုးရသည် ပြည်သူများ၏ တခဲနက်ထောက်ခံမှုဖြင့် အစိုးရဖွဲ့စည်းနိုင်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် နိုင်ငံရေးအရ အခက်အခဲ အကြပ်အတည်းမျိုးစုံနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတို့တွင် ရှေ့မတိုးသာ အခြေအနေတွင်ရှိနေသည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

“ကျနော်တို့ မြင်တာကတော့ NLD အစိုးရက သူတို့ အစိုးရမဖြစ်ခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ပေါ့ ဒီဖွဲ့စည်းပုံကိုပြင်မယ်နော်၊ နိုင်ငံရေးအခြေအနေကို အပြောင်းအလဲလုပ်မယ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် စသည်ဖြင့်ပေါ့လေ အမျိုးမျိုးကြွေးကြော်ခဲ့တယ်။ ဒါပေမယ့် အာဏာရလာတဲ့ နောက်ပိုင်းမှာ အဲ့ကိစ္စတွေ ဘာမှလှုပ်ရှားတာတွေ ပြောဆိုတာတွေ မရှိသလောက်ပဲ” ဟု နိုင်ဟံသာ က ပြောသည်။

တစ်ဖက်တွင်လည်း NLD အစိုးရ အနေဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် တုုိက်ပွဲများနဲ့ ပတ်သက်၍ တပ်မတော်အပေါ် တစ်စုံတစ်ရာ ထောက်ပြပြောဆိုမှုမျိုး မရှိသည့်အပြင် ၎င်းတိုု့ပေးထားသည့် အခြေခံ ဥပဒေပြင်ဆင်ရန် ကတိမှာလည်း မဖြစ်လာသည့်အတွက် ပြည်သူများ၏ ထောက်ခံမှုမှာ လျှော့ကျလာသည်ဟု NMSP က ထောက်ပြ ပြောဆိုသည်။

မွန်ပြည်သစ်ပါတီသည် အစိုးရနဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် သဘောတူစာချုပ်များ လက်မှတ်ရေး ထိုုးထားသည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး စာချုပ် NCA ကို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့နဲ့အတူ လက်မှတ်ရေးထိုးထားသည်။

February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...