ယနေ့ သြဂုတ် ၁၃ ရက်နေ့တွင် (၂၁) ကြိမ်မြောက် ရုံးထုတ်လာစဉ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်မှ အမျိုးသားရင်ကြားစေ့ရေးကို ပြုလုပ်လိုပါက တစ်ခြား လူမျိုးတို့၏ ယဉ်ကျေးမူ၊ သမိုင်းတို့ကို နားလည်ရန် လိုအပ်ကြောင်း သတင်းထောက်များသို့ ပြောဆိုသည်။
“အမျိုးသားရင်ကြားစေ့ရေးကို သွားချင်သလား။ ရှမ်းအကြောင်းကို နားလည်ဖို့ လိုသလို ရခိုင်အကြောင်းကို ဗမာတွေလည်း ခံစားတတ်ဖို့ လိုပါလိမ့်မယ်။ အလားတူ မွန်အကြောင်းကို ရခိုင်တွေက နားလည်ဖို့ လိုပါလိမ့်မယ်။ အဲသလိုမျိုး နားလည်ပါမှ ကျွန်တော်တို့ သွားချင်တဲ့ ပြည်ထောင်တွေကို စုထားတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်ပါလိမ့်မယ်” ဟု ဒေါက်တာ အေးမောင်က ပြောဆိုသည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား စစ်တွေခရိုင်တရားရုံးတွင် ယနေ့ ရုံးထုတ်မူသည် သူတို့ ဖမ်းဆီးခံရပြီး ၆ လကျော် ကာလအတွင်း (၂၁) ကြိမ်မြောက် ရုံးထုတ်မှု ဖြစ်သည်။
“ ခင်ဗျားတို့၊ ကျွန်တော်တို့ ပြောတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးကို သုံးရင် လူမျိုးတိုင်းရဲ့ ယဉ်ကျေးမှု နားလည်ရမယ်။ ရခိုင်သမိုင်းကို နားလည်ရမယ်။ မွန်သမိုင်းကို နားလည်ရမယ်။ အသိအမှတ်ပြုရမယ်။ ဒါမှ အမျိုးသားရင်ကြားစေ့ရေးကို လုပ်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာအေးမောင်က ဆက်လက် ပြောဆိုသည်။
လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုနှင့် သမိုင်းကို အခြားလူမျိုးများက အသိမှတ်ပြုပြီး ဆွေးနွေး ညှိနှို်င်းမှသာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရရှိ နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသား ရင်ကြားစေ့ရေး လမ်းကြောင်းကို သွားရာတွင် လမ်းကြောင်းမှန်ကန်ဖို့ လိုအပ်ကြောင်း သူက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး ဆုတ်ယုတ်မှုကြောင့် ဆန်စပါးထွက်သည့် တိုင်းပြည်တွင် ဆန်ပြဿနာ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ယနေ့ ရုံးထုတ်သည့်နေ့နှင့် တိုက်ဆိုင်စွာ ကျရောက်သည့် သြဂုတ် ၁၃ စစ်တွေ ဆန်ပြသနာနေ့နှင့် ပတ်သက်၍လည်း သူက ပြောကြားသွားခဲ့သည်။
“အဲဒီနေ့ကို အားလုံး အမှတ်ရနေကြမှာပါ။ အခု လူ့အဖွဲ့အစည်းကို ကောင်းအောင် လုပ်ကြ တာပေါ့။ ခင်ဗျားတို့ ကြားဖူးမှာပေါ့ ယဉ်ကျေးမှုချင်း ပွတ်တိုက်မှု ဆိုတာ။ ရခိုင်မှာ ၁၃ သြဂုတ်တုန်း က ဖြစ်ခဲ့တယ်။ ခင်ဗျားတို့ သိမှာပေါ့။ အတိတ်သမိုင်းနဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့ ကဏ္ဍတွေ ရှိတယ်။ အဲ့ဒီအဖြစ်အပျက် အကြောင်းအရာတွေကို ပြောခွင့်ပြုရမယ်”ဟု ၄င်းက ပြောသည်။
ရှမ်းတွင်လည်း ရှမ်းလူမျိုးနှင့်သက်ဆိုင်သော အကြောင်းအရာများကို ပြောကြမည်ဖြစ်သလို၊ အခြားလူမျိုးများတွင်လည်း မိမိတို့ လူမျိုးနှင့် သက်ဆိုင်သည့် အတိတ်က သမိုင်းဖြစ်ရပ်များကို ပြောကြရမည်ဟု ဆိုသည်။
သို့သော် ယင်းသို့ အတိတ်သမိုင်း အကြောင်းအရာများကို ပြောခွင့်မပြုဘဲ အမျိုးသား ရင်ကြား စေ့ရေးကို သွား၍ မရနိုင်ကြောင်း ဒေါက်တာအေးမောင်က သတင်းထောက်များကို ပြောကြားသည်။
ယနေ့ တရားခွင်တွင် စာရေးဆရာဝေဟင်အောင်နှင့် ဒေါက်တာအေးမောင်တို့၏ ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ဟောပြောချက် အသံဖိုင်များကို ဖွင့်ပြပြီး ဆက်လက် စစ်ဆေးခဲ့သည်ဟု သိရှိရသည်။







