ရခိုင်ပြည်နယ် ကျောက်တော်မြို့ တွင် သြဂုတ် ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားပါတီ (ANP) လူငယ်တွေ့ဆုံပွဲမှ ပါတီ လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် ယာယီကော်မတီ တစ်ခုကို ဖွဲ့စည်း လိုက်သည်ဟု သတင်းရရှိသည်။
" ညီလာခံလုပ်ဖြစ်အောင်အတွက်တော့ ကျွန်တော်တို့ ယာယီကော်မတီက ရှေ့ဆက် ပြီးတော့ ညီလာခံအဆင့်ထိကိုရောက်နိုင်အောင်တော့ ခေါင်းဆောင်တွေကို တွန်းအား ပေးပြီးတော့ သွားဖို့အနေအထားရှိပါတယ်။ ညီလာခံလုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာတော့ ဗဟို အလုပ်အမှုဆောင်ရဲ့ဆုံးဖြတ်အပေါ်မှာ မူတည်ပါတယ် "ဟု လူငယ်တွေ့ဆုံပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ကိုအောင်ကျော်ထွီးက ပြောသည်။
ကျောက်တော်မြို့ သာသနာ့ ဗိမာန်တွင် ပြုလုပ်ခဲ့သည့် ANP ၏ လူငယ် အစည်းအဝေးမှ ပါတီ ညီလာခံတစ်ခု ကျင်းပရေးသဘောတူခဲ့ကြပြီး ၎င်း သဘောတူညီမှုကို ရရှိပြီးနောက် ကျင်းပရေး ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယင်းကော်မတီကို လူငယ်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်သည့် မြို၊ သက်၊ ဒိုင်းနက်တို့အပါအဝင် မြို့နယ်ကိုယ်စားလှယ်များထဲမှ တစ်မြို့နယ်လျှင် တစ်ဦးကျစီဖြင့် ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။
"လူငယ်တွေရဲ့အခန်းကဏ္ဍက ဘယ်အချိန်ကြည့်ကြည့် အရေးကြီးပါတယ်။ ဒီကနေ့ လူငယ် တွေဟာ နောင်တစ်ချိန်မှာ ဦးဆောင်သူတွေ၊ ခေါင်းဆောင်တွေ လုပ်လာရမယ်ေလေ။ ဒါကြောင့် ဒီလို လူငယ်ရေးရာကော်မတီတွေ၊ လူငယ်ညီလာခံတွေကို အများကြီး လုပ်ဆောင်ပေးဖို့ လိုအပ် ပါတယ်။ လူငယ် စုစည်း ဆွေးနွေးတိုင်ပင် ပြီးတော့ ရခိုင်ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍတွေကို ဖွံ့ဖြိုးတိုးတက်လာအောင် အများကြီး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် အနေနဲ့က ထင်မြင်ယူဆပါတယ်။ ဒီအတွက် လူငယ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မယ့် လူငယ်တွေ တွေ့ဆုံပွဲတွေကို မကြာခဏ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်"ဟု လူငယ်ေ တွ့ဆုံပွဲသို့ ပုဏ္ဏားကျွန်းမြို့နယ် ကိုယ်စားပြုတက်ရောက်ခဲ့သည့် ကိုကျော်မြင့်တင်က ပြောသည်။
လူငယ် ညီလာခံ ဖြစ်မြောက်ရေး ကော်မတီအနေဖြင့် ပါတီလူငယ်ညီလာခံ ကျင်းပနိုင်ရေး အပါအဝင် လူငယ်နှင့်ဆိုင်သော အရေးကိစ္စရပ်များကို ပါတီဗဟိုဌာနချုပ်သို့ ယခုရက်ပိုင်းအတွင်း တင်ပြသွားမည်ဖြစ်ပြီး ပါတီဗဟို၏လမ်းညွှန်ချက်အတိုင်း လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အရေးကိစ္စရပ်များနှင့် ရခိုင်အမျိုးသားပါတီ၏အနာဂတ်တို့အတွက် ဦးဆောင်မည့် လူငယ် ခေါင်းဆောင်များ ပေါ်ထွက်လာစေရန်အတွက် ပါတီလူငယ်ညီလာခံကိုကျင်းပရန် စီစဉ်ရခြင်းဖြစ်သည်။







