ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ မြစ်ချောင်းများတွင် သံချေးရောင် ရေဆိုးရေညစ်များ တွေ့ရှိရ၍ ဒေသခံများ စိုးရိမ်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ သံချေးရောင် ရေဆိုးရေညစ်များကို ယမန်နေ့က စတင်တွေ့ရှိပြီး၊ ကျောက်ဖြူဘက်မှ ဝင်လာသော ရေဆိုးရေညစ်များဖြစ်ကာ မြေပုံမြို့နယ် တစ်ခုလုံးသို့ ပြန့်ကြဲ ဝင်ရောက် လျက်ရှိသည်ဟု ဆိုသည်။
“ကမ်းထောင့်ကြီး ကျေးရွာတစ်ခုတည်းမှာ တွေ့ရှိရတာ မဟုတ်ပါ၊ ကဘိုင်ချောင်းကျွန်းနဲ့ အားလုံး မြေပုံမြို့နယ် တစ်မြို့နယ်လုံးကို အားလုံး စီးဝင်လာပါတယ်။ အခုဆိုရင် ချောင်းအဖျားထိ ရောက်ရှိသွားပါပြီ”ဟု ကမ်းထောင့်ကြီးမြို့မှ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးစံမင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ရေအနံ့မှာ ရေနံအနံ့ရပြီး မြည်းကြည့်ပါက ချဉ်သော အရသာရှိသည်ဟု သူက ပြောသည်။
“ငါးတွေ သေတာကတော့ လတ်တလောမှာ မတွေ့ရှိရသေးပါဘူး။ ငါးတွေ သေလာကြလိမ့်မယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေနံက သဘာဝနဲ့ ဆန့်ကျင်နေလို့ပါ။ အခုဆိုရင် ငါးဖမ်းသမားတွေ အရင်ကလောက် ငါးတွေ မမိကြတော့ ပါဘူး”ဟု ဦးစံမင်းက ပြောသည်။
ယင်းသို့ သံချေးရောင် ရေဆိုးရေညစ်များ တွေ့ရှိရသည့်အတွက် ငါး ပုဇွန် မွေးမြူနေကြသူများက သူတို့၏ ငါး ပုဇွန် မွေးမြူရေကန်များသို့ ရေမသွင်းရဲဘဲ၊ ရေပိတ်ထားရကြောင်း၊ ရေသွင်း ရေထုတ်မလုပ်၍ ငါးပုဇွန်မွေးမြူရေးကို ထိခိုက်နိုင်သဖြင့် ဒေသခံများစိုးရိမ်နေကြကြောင်း သူက ဆက်လက် ပြောဆိုသည်။
“ကျနော်တို့ ဒေသခံတွေအနေနဲ့ ရခိုင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌကို မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက တစ်ဆင့် တင်ပြထားကြပါတယ်။ အခုအချိန်ထိတော့ ဒေသအာဏာပိုင်တွေက ကွင်းဆင်းစစ်ဆေးမှု မရှိသေးတဲ့အပြင် သတင်းထုတ်ပြန်မှုတွေလည်း မရှိသေးပါဘူး”ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ဒေသခံများအနေဖြင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက အသေးစိတ် ကွင်းဆင်း စစ်ဆေးစေချင်သည်ဟု ပြောသည်။
“ဒီညစ်ညမ်းမှုက ဘယ်နေရာကနေ လာတာလဲသိချင်ပါတယ်။ အစိုးရဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်ခံမှု၊ တာဝန်ယူမှု လက်ရှိမှာ အားနည်းနေတယ်လို့ ကျနော်တို့ မြင်တယ်။ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ စီးပွားရေးကဏ္ဍတစ်ခုဖြစ်တဲ့ ရေလုပ်ငန်း၊ ငါးလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ အကျိုးစီးပွား မပျက်စီးစေဖို့အတွက် အစိုးရအနေနဲ့ ဂရုတစိုက် ကွင်းဆင်း စစ်ဆေးပြီးတော့ ပြည်သူကို ချပြပေးစေချင်ပါတယ်”ဟု ကမ်းထောင့်ကြီးမြို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌက ပြောသည်။
မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကလည်း ရေဆိုး ရေညစ်တွေ့ရှိရသည်ကို သူ့အနေဖြင့် ဒေသခံများထံမှတစ်ဆင့် သိရှိထားရပြီးဖြစ်သော်လည်း လက်ရှိအချိန်တွင် ကွင်းဆင်း စစ်ဆေးမှု မပြုလုပ်ရသေးဟု အတည်ပြု ပြောကြားသည်။
လွန်ခဲ့သည့်လကလည်း အလားတူ သံချေးရောင် ရေဆိုးရေညစ်များကို တရုတ်ရေနံတင် သင်္ဘောကြီးများ ဆိုက်ကပ်နေသည့် မဒေးကျွန်းဘက်တွင် တွေ့ရှိခဲ့ရပြီး၊ ဒေသအာဏာပိုင်များနှင့် တရုတ်ကုမ္ပဏီတို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။ ၎င်း ရေနမူနာကို ဓာတ်ခွဲစမ်းသပ်ရန် စစ်တွေမြို့နှင့် ရန်ကုန်မြို့သို့ ပို့ထားကြောင်း သိရှိရသည်။







