ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ အသက်(၅၀) ကျော်အရွယ် အမျိုးသားတစ်ဦးအား အမျိုးသမီး ၇ ဦး အပါအဝင် လူပေါင်း ၂၀ ခန့်အား တရုတ်နိုင်ငံတွင် အလုပ် လုပ်ဆောင်ရန် ပို့ဆောင်ခဲ့သဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဥပဒေ ပုဒ်မ (၂၆) ဖြင့် သြဂုတ် ၈ ရက်နေ့က ဖမ်းဆီးထိန်းသိမ်း လိုက်သည်ဟု သတင်းရရှိသည်။
၎င်းဖမ်းဆီးခံရသူမှာ ကျောက်တော်မြို့၊ ရှမ်းရွာရပ်ကွက်မှ ဦးထွန်းလှဖြစ်ပြီး ယခု ကျောက်တော် မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အပေါက်ဝ ကျေးရွာ ရဲစခန်းမှူး ရဲအုပ်ဌေးဇော်က နိရဥ္စရာသို့ အတည်ပြုပြောသည်။
“ ဦးထွန်းလှက တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက လူပေါင်း ၂ဝ ခန့်ကို ဆွဲဆောင်ဖျားယောင်းပြီး တရုတ်ပြည်ကို ပို့ခဲ့တယ်။ သူ့မှာ ပြည်ပကို အလုပ်သမားတွေကို တင်ပို့နိုင်တဲ့ လိုင်စင်မရှိဘူး။ သူ့ကို ကျောက်တော်မြို့မ ရဲစခန်းမှာ ဖမ်းဆီး ထားပြီး ကျနော်တို့ အပေါက်ဝရဲစခန်းက ပြည်ပ အလုပ် အကိုင်ရှာဖွေရေးဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့်ထားပါတယ်"ဟု ရဲအုပ်ဌေးဇော်က ပြောသည်။
ဖမ်းဆီးခံထားရသူ ဦးထွန်းလှသည် ကျောက်တော်မြို့နယ်မှ ပြိန်းချောင်းကျေးရွာ၊ ကွမ်းအုံချောင်း ကျေးရွာ၊ လမုတပင်ကျေးရွာ၊ သရက်အုပ်ကျေးရွာနှင့် မြောက်ဦးမြို့နယ်မှ ကျွန်းဖျားကျေးရွာ စသည့် ကျေးရွာများမှ အမျိုးသမီး ၇ ဦး အပါအဝင် လူပေါင်း ၂၀ ခန့်အား တရုတ်နိုင်ငံတွင် အလုပ် ပေးမည်ဟုဆိုကာ ၎င်းတို့ထံမှ တစ်ဦးလျှင် ကျပ် ၅ သိန်းခွဲယူပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တရုတ် နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
"တရုတ်ကိုရောက်တော့ သူတို့တွေကို စက်ရုံတစ်ခုမှ ထားခဲ့တယ်။ အဲဒီမှာ ၂ လ အလုပ် လုပ်နေရင်း တည်းခိုခန်းမှာထားချိန်မှာ ရဲကလာဖမ်းတော့ အဖမ်းခံရတယ်။ အလုပ်လုပ်နေချိန်မှာ ပိုက်ဆံလည်း မရဘူးလို့ ပြောပါတယ်။ တရုတ်နိုင်ငံမှာ ထောင် ၃ လကျပြီး အခုပြန်ရောက် လာကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီကို နစ်နာသူတွေက လာရောက် တိုင်တန်းကြတဲ့ အတွက် အခုလို အရေးယူဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ရဲအုပ်ဌေးဇော်က ပြောသည်။
ဦးထွန်းလှအား လူကုန်ကူးမှုဖြင့် တရားမစွဲဆိုဘဲ ပြည်ပ အလုပ်အကိုင် ဥပဒေ ပုဒ်မ (၂၆) ဖြင့် တရားစွဲရခြင်းမှာ လူကုန်ကူးမှု မမြောက်၍ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။







