စစ်တွေဗုံးပေါက်ကွဲမှုဖြင့် ဆက်စပ်ဖမ်းဆီးခံရသူ ၂ ဦးကိုတရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ချ

စစ်တွေဗုံးပေါက်ကွဲမှုဖြင့် ဆက်စပ်ဖမ်းဆီးခံရသူ ၂ ဦးကိုတရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ချ
by -
စံမောင်သန်း

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်တွေမြို့ တွင် ပေါက်ကွဲခဲ့သည့် ဗုံး ၃ လုံး ပေါက်ကွဲမှု ဆက်စပ်သံသယဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသူများ အထဲမှ မောင်သန်းရွှေနှင့် မောင်မြင့်ကြည်တို့ကို စစ်တွေမြို့နယ် တရားရုံးတွင်  သြဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က နယ်စပ် ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်သည်။

ယင်းသို့ ဖောက်ကွဲမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားပြီးမှ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်မှုမှာ တရားမျှတမှု မရှိဟု ၄င်းတို့ နှစ်ဦးက ပြောသည်။

“စစ်တွေမြို့မှာ ကျနော်တို့ ဖောက်ခွဲမှုနဲ့ အဖမ်းခံရတယ်။ ပြီးတော့ လဝက မှုနဲ့ တရားစွဲတယ်။ ဒီနေ့ ( သြဂုတ် ၈ ရက်နေ့)ကျနော်တို့ကို ထောင် ၆ လ ချလိုက်တယ်။ ဒီလိုအမိန့်ချမှတ်လိုက်မှုအပေါ်မှာ ကျနော်တို့ မတရားဘူးလို့ ထင်ပါတယ်”ဟု မောင်သန်းရွှေက တရားရုံးမှ အထွက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တရားဥပဒေ မစိုးမိုးသည့်အတွက် သူတို့ ၂ ဦး ယင်းသို့ အပြစ်ပေးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော ဗုံး ၃ လုံးပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တွေမြို့ပေါ်မှ လူ ၉ ဦးကို စစ်တွေမြို့မ ရဲစခန်းမှ ခေါ်ယူစစ်ဆေးမှုများရှိခဲ့သည်။

ထိုအထဲမှ ဦးနိုင်စိုး၊ ဦးမောင်မြင့်ရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးတင်မြင့်ရွှေတို့ကို မတ်လ ၂၆ ရက်နေ့ ညတွင်လည်းကောင်း၊ မောင်သိန်းဦးကို ၂၇ ရက်နေ့ နံနက်တွင်လည်းကောင်း စစ်တွေမြို့မ ရဲစခန်းမှ အာမခံဖြင့် လွတ်ပေးခဲ့သည်ဟု သိရသည်။

မလွတ်ဘဲ ကျန်ရန်သူ ၄ ဦးအထဲမှ မောင်သန်းရွှေနှင့် မောင်မြင့်ကြည်တို့ကို မတ်လ ၂၉ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် တရားစွဲဆိုခဲ့ပြီး၊  သြဂုတ် ၈ ရက်နေ့တွင် ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ခြင်းဖြစ်သည်။

ထောင်ထဲတွင် ကျန်နေခဲ့သူ နှစ်ဦးဖြစ်သည့် ဦးမောင်အေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ကို ဧပြီလ ၂၄ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၌ အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မများဖြစ်သည့် အမှုအမှတ် ၂၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (က) /(စျ)၊ အမှုအမှတ် ၃၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (စျ) နှင့် အမှုအမှတ် ၃၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၅၀ (စျ) များဖြင့်စွဲချက်တင်ခံခဲ့ရပြီး ယနေ့အချိန်ထိ အမှုကို ရင်ဆိုင် နေရဆဲဖြစ်သည်ဟု သိရသည်။

မောင်သန်းရွှေနှင့် မောင်မြင့်ကြည်တို့မှာ တရားရုံးမှ ယနေ့ အမိန့်ချမှတ်ပြီးနောက် ထောင်ထဲတွင် နောက်ထပ် တစ်လကျော်သာ နေရတော့မည်ဟု သိရသည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်က ပြည်နယ်တရားလွှတ်တော်ရုံးအနီး၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ခြံဝင်းနှင့် ပြည်နယ်ဆည်မြောင်းရုံးအနီးတွင် ဆက်တိုက် ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး လူနှစ်ဦးဒဏ်ရာ ရရှိကာ နောက်ထပ် မပေါက်ကွဲသေးသော ဗုံး ၃ လုံးကိုလည်း ပြည်နယ် ဆည်မြောင်းရုံးအနီးတွင် တွေ့ရှိခဲ့သည်ဟု သိရှိရသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...