ကြားဖြတ်ရွေးကောက်ပွဲ၌ ရသေ့တောင်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ထုတ်ပြန်ကြေညာ

ကြားဖြတ်ရွေးကောက်ပွဲ၌ ရသေ့တောင်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ထုတ်ပြန်ကြေညာ
by -
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကြားဖြတ်ရွေးကောက်ပွဲတွင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းအား သြဂုတ်လ ၆ ရက်နေ့တွင် စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ကြေညာသည်။

အမည်စာရင်းကြေညာခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးခင်သန်းမောင်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဦးတင်မောင်ဝင်း၊ ရခိုင်အမျိုးသားပါတီမှ ဦးမောင်လှမြင့်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသိန်းမောင်တို့ဖြစ်သည်။

"ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားတဲ့အတွက် အခုလို ကြေညာရတာပါ။ ဒီကိုယ်စားလှယ်လောင်း တွေကို ကျနော်တို့ ဥပဒေ၊ နည်းဥပဒေ၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ကျနော်တို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။"ဟု စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောသည်။

အဆိုပါကြေညာချက်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်၊ ကိုယ်စားပြုသောပါတီ (သို့မဟုတ်) တစ်သီးပုဂ္ဂလ၊ ကိုယ်စားပြုသောပါတီ(သို့မဟုတ်) တစ်သီးပုဂ္ဂလ၏ သင်္ကေတ အမှတ်အသားနှင့် နေရပ်လိပ်စာတို့ကိုဖော်ပြထားသည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရခိုင်ပြည်နယ်လွှတ်တော်တွင် လစ်လပ်နေသည့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျင်းပသွားမည်ဖြစ်သည်။

 

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...