ဖမ်းဆီးခံ ဒေါက်တာအေးမောင်နှင့်ကိုဝေဟင်အောင် လွတ်မြောက်ရေးဆုတောင်းပွဲ စစ်တွေတွင် ပြုလုပ်

ဖမ်းဆီးခံ ဒေါက်တာအေးမောင်နှင့်ကိုဝေဟင်အောင် လွတ်မြောက်ရေးဆုတောင်းပွဲ စစ်တွေတွင် ပြုလုပ်

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် စစ်တွေတွင် ယမန်နေ့ (သြဂုတ်လ ၅ ရက်နေ့) ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

၎င်းဆုတောင်းပွဲကို စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က စတင်ခဲ့ရာ ဒေသခံ ပြည်သူ ၃၀၀ ကျော် ခန့် ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု ဆုတောင်းပွဲ ဖြစ်မြောက်ရေးကို ဦးဆောင်သူ ဒေါ်ကျော့စိန်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ တာဝန်သိ ပြည်သူတွေက ဦးဆောင်ပြီး လုပ်တာပါ။ ဒေါက်တာ အေးမောင်တို့ ဖမ်းဆီး ခံထားရတာ ရခိုင်ပြည်သူ တစ်ရပ်လုံးက မတရားလို့ မြင်တဲ့ အတွက် အားလုံးက သူတို့ လွတ်မြောက်ရေးကို လိုချင်တယ်။ ဒီအတွက် ဒေါက်တာ အေးမောင်နဲ့ ဆရာဝေဟင်အောင်တို့ နှစ်ဦး လွတ်မြောက်ရေးအတွက် ဆုတောင်းကြတာသာ ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။

ဆုတောင်းပွဲတွင် ဆီးမီးများထွန်းညှိပြီး ပန်းများဆက်ကပ်ကာ ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြပြီး အခမ်းအနားအပြီးတွင်လည်း သူတို့နှစ်ဦးအား အမြန်ဆုံး လွတ်ပေးရန် ကြွေးကြော်သံများ ကြွေးကြော် ကာ တောင်းဆိုခဲ့ကြသည်ဟု ဒေါ်ကျော့စိန်က ပြောကြားသည်။

ဆုတောင်းပွဲသို့ အရပ်ဝတ်ဖြင့် ရဲများ အနီးကပ်လာရောက် စောင့်ကြည့်မှုများရှိကြောင်း ဆုတောင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သူ တစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောကြားသည်။

“ အရပ်ဝတ်ရဲတွေ အများအပြားလာတာကိုတွေ့ရတယ်။ ဆုတောင်းတဲ့ လူတွေထဲကို ရောက်နေတာပါ။ ဒါပြင် အခမ်းအနား မစတင်မီကလည်း ရဲကား ၁၀ စီးလောက်နဲ့ ဘုရားကြီး ဝင်္ကာကွင်းကို ပတ်ပြီး အင်အားပြသလိုမျိုး ပြုလုပ်ခဲ့တာကိုလည်းတွေ့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

အခမ်းအနားကို ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့ ညနေ ၃ နာရီထိ တစ်နာရီကြာပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...