ရခိုင်ပြည်နယ် မင်းပြားမြို့ စျေးဟောင်းပိုင်းရပ်ကွက်မှ နေအိမ်တစ်လုံး၏ အိမ်ပေါ်သို့ တက်ရောက်ပြီး ဖောက်ထွင်း ခိုးယူသူ ၃ ဦးကို ဖမ်းမိကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူ သုံးဦးမှာ မရမာကြီး လူမျိုးများဖြစ်ကြသည့် မောင်တင်ချေ (၁၈)နှစ် (ဘ) ဦးတင်မောင်ရွှေ/ ဘာခံရပ်၊ ဖြိုးမောင် (၁၉)နှစ် (ဘ) ဦးထွန်းဦး/ ကျီးဖြူရွာရပ်နှင့် စိုးနိုင် (၁၇) နှစ် (ဘ) ဦးကာနာ/ ဥက္ကာပျံရပ်တို့ ဖြစ်ကြကြောင်း မင်းပြားမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက နိရဥ္စရာသို့ ပြောကြားသည်။
၎င်းတို့ သုံးဦးသည် မင်းပြားမြို့၊ စျေးဟောင်းပိုင်းရပ်ကွက်နေ ဦးစောအောင်သိန်း နေအိမ်ကို သြဂုတ်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် တက်ရောက်ပြီး အိမ််ရှိ ပစ္စည်းများကို ဖေါက်ထွင်း ယူဆောင်နေစဉ် ဦးစောအောင်သိန်း၏ သမက်ဖြစ်သူ ဦးထွန်းထွန်းဝင်းမှ အပြင်မှ ဝင်လာစဉ် မြင်တွေ့သဖြင့် ‘ သူခိုး’ ‘ သူခိုး’ ဟု အော်ဟစ်ရာမှ ထွက်ပြေးစဉ် ဖမ်းမိသည်ဟု သိရသည်။
“ ဒီသူခိုးတွေက ခဝါသည်လမ်းကနေ့ ထွက်ပြေးကြတယ်။ ဦးထွန်းထွန်းဝင်းက သူတို့နောက် ပြေးလိုက် ဖမ်းဆီးရာမှာ တစ်ဦးကို မြို့သစ်ရပ်ကွက်မှာရှိတဲ့ မြို့မမြောက်ကျောင်းအနီးမှာ ဖမ်းမိတယ်။ ထပ်မံ လိုက်လံရှာတော့ နောက်တစ်ဦးကိ မြို့သစ်ရပ်ကွက်က အထက(၂)ကျောင်း အနီးတွင် နောက်တစ်ဦးမှာ ထပ်မံဖမ်းမိရပါတယ်။ သုံးဦးထဲက နှစ်ဦးကို လက်ရဖမ်းမိခဲ့ပါတယ်။ နောက်စစ်ဆေးတော့ ကျန်တစ်ယောက်ကိုလည် ထပ်မံ ဖမ်းမိပါတယ်” ဟု ၎င်းတာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
၄င်းခိုးသူ ၃ ဦးသည် ဦးစောအောင်သိန်း၏ အိမ်ရှိ ဗီဒို၊ သေတ္တာ၊ လက်ဆွဲအိတ်များအား ဖျက်ဆီး မွှေနှောက်ရှာဖွေမှုများ ပြုလုပ်သွားခဲ့သဖြင့် တစ်အိမ်လုံး ရှုပ်ပွကာကျန်နေခဲ့သည်ဟု သိရသည်။
မင်းပြားမြို့တွင် ယခုရက်ပိုင်းအတွင်း ဖောက်ထွင်း ခိုးယူမှုများ မကြာခဏ ဖြစ်နေပြီး နေအိမ်အများအပြား ဖောက်ထွင်း ခိုးယူခံခဲ့ရသည်ဟု သိရသည်။
မြိ်ု့သစ်ရပ်ကွက်မှ ဦးမောင်သန်းနေအိမ်လည်း များမကြာမီက ဖောက်ထွင်းခံခဲ့ရကာ ငွေ(၈)သိန်းနှင့် ဖုန်းတစ်လုံး ပါသွားခဲ့သည်ဟု သိရသည်။
၎င်းမြို့သစ်ရပ်ကွက်နေ ဦးထွန်းဖေ(ဘယဆေးဆိုင်ပိုင်ရှင်) နေအိမ်ကိုလည်း ဝင်ရောက် ဖောက်ထွင်း ခံခဲ့ရကာ တစ်အိမ်လုံး မွေနှောက်ရှာဖွေခံရပြီး လက်စွပ်(၁)ကွင်းနှင့် ငွေအချို့ကို ယူဆောင်သွားခဲ့သည်ဟု သိရသည်။
သြဂုတ် ၃ ရက်နေ့ကလည်း မီးသတ်ဦးစီး၏ အဖေအိမ်တွင် အိမ်အား ဖောက်ထွင်းမှုဖြစ်ပွားကာ တစ်အိမ်လုံး မွေနှောက်ရှာဖွေခဲ့သည်ဟု သိရသည်။
မင်းပြားမြို့မ စခန်းမှူး ဒုရဲမှူး သိန်းထိုက်မှ “ အခု ဖမ်းမိသူ သုံးဦးကို ရမန်ယူပြီးတဲ့နောက် စစ်ဆေးသွားပါမယ်။ ကွင်းဆက်တွေကိုလည်း ဖော်ထုတ်သွားမှာပါ။ လောလောဆယ် စစ်ဆေး မေးမြန်းနေတုန်း ဖြစ်တဲ့ အတွက် အသေးစိတ်ကို မပြောနိုင်သေးဘူး။ မနက်ဖြန်လောက်မှဘဲ သိရမှာ ဖြစ်ပါတယ်” ဟု သြဂုတ်လ ၄ ရက်နေ့ ညနေပိုင်းက ဆက်သွယ် မေးမြန်းစဉ် နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။







