လောင်းချောင်းရဲစခန်းမှ ခြိမ်းခြောက်ငွေ ၄ သိန်းတောင်းယူမှုအပေါ် စစ်တွေတွင်သတင်းစာရှင်လင်း

လောင်းချောင်းရဲစခန်းမှ ခြိမ်းခြောက်ငွေ ၄ သိန်းတောင်းယူမှုအပေါ် စစ်တွေတွင်သတင်းစာရှင်လင်း
by -
စံမောင်သန်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လောင်းချောင်းနယ်ခြားစောင့် ရဲစခန်းမှ ခြိမ်းခြောက်ပြီး ငွေ ၄သိန်း တောင်းယူမှုနှင့် စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားစဉ် နွားတစ်ကောင် ပျောက်ဆုံးသွားမှု အပေါ် နစ်နာခဲ့ရသူ ဒေသခံများက စစ်တွေတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အကျင့်ပျက်ရဲအရာရှိများကို အရေးယူပေးရန် တောင်းဆိုခဲ့သည်။ 

၄င်းသတင်းစာရှင်းလင်းပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ အားသစ်လဘက်ရည်ဆိုင်တွင်  သြဂုတ်လ ၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန် ပြုလုပ်ခဲ့စဉ် ထိုသို့တောင်းဆိုသွားခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့ဆီက ကျပ်ငွေ ၄ သိန်းကို ခြိမ်းခြောက် ယူထားလိုက်တဲ့အပြင် ငွေ ၄သိန်း တန်ဖိုးရှိတဲ့ နွားတစ်ကောင်ကိုလည်း ယူထားလိုက်ကြတယ်။ ဒီလုပ်ရပ်ဟာ အနိုင်ကျင့်သလို ကျွန်တော်တို့ ခံစားရတယ်။ နောက်ထပ် ဒီလိုမျိုး အနိုင်ကျင့်မှုတွေ မပြုလုပ်ရအောင် လောင်းချောင်းစခန်းမှူးကို အပေါ်က တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးစေချင်တဲ့ အတွက် ဒီသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရတာပါ”ဟု ရသေ့တောင်မြို့နယ် အငူမော် ကုန်တန်းကျေးရွာမှ ဦးကျော်ဇောက သတင်းထောက်များကို ပြောသည်။

အငူမော်-ကုန်တန်းကျေးရွာမှ ဦးကျော်ဇော (၃၀)နှစ်(ဘ) ဦးကျော်ထွန်းအောင်နှင့် အငူမော်ကျေးရွာမှ ကိုအောင်ဇော်ဝင်း အသက် (၂၃) နှစ်တို့သည် တစ်မြို့နယ်တည်းဖြစ်သော ရသေ့တောင်မြို့နယ် ပန်းဖိုပြင်၊ ကျုံးပြင်၊ အောင်သာယာနှင့် ဆင်အိုးစသည့် ကျေးရွာများမှ နွား အကောင် ၂၀ ကို ဝယ်ယူ၍ ဇူလိုင်လ ၂၅ ရက်နေ့က မိမိကျေးရွာသို့ လူငှား ၂ ဦးနှင့်အတူ ယူဆောင်လာရာ လောင်းချောင်းကျေးရွာအရောက် ညနေ ၄ နာရီခန့်တွင် အရပ်ဝတ်ရဲတစ်ဦးက တားမြစ်စစ်ဆေးခဲ့သည်ဟု သိရသည်။

ယင်းသို့ တားမြစ်ပြီးနောက် ဖုန်းဆက်ခေါ်၍ နောက်ထပ် အရပ်ဝတ်ရဲတစ်ဦးနှင့် ယူနီဖောင်းနှင့် သေနတ်ကိုင်ဆောင်ထားသည့် ရဲတစ်ဦးရောက်ရှိလာပြီး၊ နွားနှင့် နွားဝယ်ယူလာသူများကို လောင်းချောင်း ရဲစခန်းသို့ ခေါ်ယူခဲ့သည်ဟု သူတို့က ဆိုသည်။

“ရဲစခန်းရောက်တော့ ကျနော်နဲ့ ကိုအောင်ဇော်ဝင်းကို ဖမ်းဆီးပြီး ခြောက်ပေါက်ထဲ ထည့်ထား ပါတယ်။ နောက်ပြီးတော့ ငွေပေးမှ လွတ်ပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့က အစမှာ ငွေမပါဘူး ပြောတယ်။ သူတို့ မလွတ်ပေးတော့ ငွေတစ်သိန်းပေးမယ်ပြောတယ်။ မရဘူး။ နောက် ၂ သိန်းပေးမယ် ပြောလည်း မရဘူး။ ညမှောင်လာတော့ ကျွန်တော်တို့လည်း စိုးရိမ်လာတဲ့အတွက် ပါတဲ့ ငွေ ၄ သိန်းလုံးကို ပေးမယ်ဆိုမှ လွတ်ပေးလိုက်ပါတယ်” ဟု ဦးကျောဇောက ပြောသည်။

ဦးကျော်ဇောနှင့် ကိုအောင်ဇော်ဝင်းတို့သည် ညနေ ၅ နာရီမှ ည ၉ နာရီအထိ ၆ ပေါက်ထဲတွင် ထိန်းသိမ်းခံခဲ့ရပြီးနောက် ရဲက ခြိမ်းခြောက်လာသည့် အပေါ် စိုးရိမ်လာသဖြင့် ပါလာသည့် ငွေ ၄ သိန်းကို ရဲကို ပေးလိုက်ရသည်ဟု ပြောဆိုသည်။

“ ကျွန်တော်တို့ နှစ်ယောက်ကို ငွေ ၄ သိန်းပေးပြီး လွတ်ပေးလိုက်ပါတယ်။ ဒါ့အပြင် နွားအကောင်း ၂၀ ထဲက တစ်ကောင်ကို စခန်းမှာ ထိန်းသိမ်းထားစဉ် ယူထားလိုက်ပါတယ်။ ဒီနွားကိုတော့ သူတို့ မယူကြောင်းနဲ့ ငွေ ၄ သိန်းယူထားတဲ့ ကိစ္စကိုလည်း အပြင် မပေါက်ကြားဖို့ ပြောကြားပါတယ်” ဟု သူက ပြောဆိုသည်။ 

၎င်းပြင် စခန်းမှူးက နောက်နောင် နွားဝယ်မည်ဆိုပါက ရဲစခန်းကို အကြောင်းကြားပြီးမှ ဝယ်ယူရန် ရဲစခန်းမှူးက သူတို့ကို မှာကြားသည့်အပြင် ရဲစခန်းမှူး၏ ဖုန်းနံပါတ်ကို ပေးလိုက်သည်ဟု ဦးကျော်ဇောက သတင်းထောက်များကို ပြောသည်။

“ဒီနွားတွေကို ဝယ်ယူလာတာက တစ်ချို့ကို ကိုယ်တိုင်မွေးမယ်။ နောက် ဆွေမျိုးတွေက မှာလိုက်တာလည်း ရှိတယ်။ ပိုတဲ့နွားတွေကို နွားမရှိတဲ့ လူတွေကို ရောင်းမယ်ဆိုပြီးတော့ ဒီနွားတွေကို ဝယ်ယူလာတာပါ။ ငွေ ၄ သိန်းလည်း ပေးရတယ်။ နွားတစ်ကောင်လည်း စခန်းမှာပဲ ပျောက်သွားတယ်ဆိုတော့ ကျနော်တို့ အလုပ်မရှိလို့ လုပ်စားတာ အရှုံးပေါ်ပြီပေါ့။ အဲ့ဒါကို မကျေနပ်လို့ သတင်းစာရှင်းလင်းပြီး လောင်းချောင်းစခန်းမှူးကို အရေးယူပေးဖို့ တောင်းဆို တာပါ”ဟု ဦးကျော်ဇောက ဆက်ပြောသည်။

အဆိုပါ ခြိမ်းခြောက်ငွေညှစ်မှုနှင့် နွားတစ်ကောင် ယူထားလိုက်မှုနှင့်ပတ်သက်၍ လောင်းချောင်း စခန်းမှူးကို အရေးယူအပြစ်ပေးရန် သြဂုတ်လ ၂ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ရသေ့တောင်မြို့နယ် စေတီပြင်ရဲစခန်းမှူးတို့ကို စာရေးသားတိုင်ကြားထားကြောင်း သိရသည်။

နိရဥ္စရာသတင်းဌာနမှ ရသေ့တောင်မြို့နယ် လောင်းချောင်းရဲစခန်းကို ဆက်သွယ်မေးမြန်းရာ စခန်းမှူးက “သူတို့ကို ခြောက်ပေါက်ထဲ ထည့်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ နိုင်ငံခြားကို တရားမဝင် ခိုးမထွက်ရအောင် နွားတွေကို စိစစ်တယ်။ ဒေသတွင်း သွားတာလာတာကို ခွင့်ပြုသင့်တာကိုတော့ ခွင့်ပြုပေးပါတယ်။ သူတို့ဆီက ငွေ ၄ သိန်း ယူထားလိုက်တယ် ဆိုတာလည်း လုံးဝ မဟုတ်မှန်ပါဘူး။ ဒီနွားတွေကို တစ်ကောင်ကို တစ်လ ၇၀၀၀ ကျပ်နဲ့ နွားအငှားကျောင်းဖို့ ယူလာတယ်လို့ အားလုံးက တစ်သံတည်း ထွက်ဆိုလို့ လွတ်ပေးလိုက်ပါတယ်”ဟု ပြောသည်။

နွားများကို ရဲစခန်းကိုတွင် ထိန်းသိမ်းထားစဉ် နွားသယ်ယူလာသူအားလုံးကို တစ်ပြိုင်တည်း ခေါ်စစ်ခြင်းမဟုတ်ဘဲ တစ်ယောက်ချင်းစီ ခေါ်စစ်ခြင်းဖြစ်ကြောင်း၊ ရဲစခန်းတွင် နွားပျောက် သည်ဟု ဆိုခြင်းမှာလည်း မဟုတ်မှန်ကြောင်း၊ သူတို့ မထိန်းသိမ်းနိုင်၍ နွားပျောက်ရခြင်း ဖြစ်သည်ဟု စခန်းမှူးက ပြောသည်။

“သူတို့က ကျနော့်ကို မဟုတ်မမှန် စွပ်စွဲတာပါ။ ကျနော့်အနေနဲ့လည်း ဥပဒေကြောင်းအရ ပြန်ပြီးအရေးယူသွားမယ်။ အသရေဖျက်မှုနဲ့ ပြန်တရားစွဲပါမယ်”ဟု လောင်းချောင်းစခန်းမှူးက ဆိုသည်။

ရသေ့တောင်မြို့နယ်တွင် ယင်းသို့ နွားဝယ်မှုသည် မကြာခဏ ဖြစ်ပွားနေ၍ နွားပျောက်မှုများ မဖြစ်ပွားရအောင် ယင်းသို့ နွားဝယ်ယူရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်ပါမှ လုပ်ဆောင် သင့်သည့် ကိစ္စရပ်ဖြစ်သည့်အတွက် ရသေေ့တာင်မြို့နယ် အုပ်ချုပ်ရေးမှူးကို လောင်းချောင်း စခန်းမှူးက အကြောင်းကြားထားသည်ဟု ၎င်းက ပြောဆိုသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...