ကျောက်ဖြူလေဆိပ် လေဆင်နှာမောင်းတိုက်၍ မှန်များကွဲအက်ပျက်စီး

ကျောက်ဖြူလေဆိပ် လေဆင်နှာမောင်းတိုက်၍ မှန်များကွဲအက်ပျက်စီး
 လေဆင်နှာမောင်းဝင်တိုက်၍ လေဆိပ်အဆောက်အဦးအတွင်း ပြိုပျက်သွားသည့် ပုံ
လေဆင်နှာမောင်းဝင်တိုက်၍ လေဆိပ်အဆောက်အဦးအတွင်း ပြိုပျက်သွားသည့် ပုံ

ရခိုင်ပြည်နယ် ကျောက်ဖြူလေဆိပ်သည် သြဂုတ် ၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က လေဆင် နှာမောင်း ဝင်ရောက်တိုက်ခတ်၍ လေဆိပ် အဆောက်အဦး အတွင်းရှိ မှန်များကွဲအက် ပျက်စီး သွားကြောင်း သတင်းရရှိသည်။

“ လေဆင်နှာမောင်းတိုက်တာပါ။ ကျောက်ဖြူ လေဆိပ် တစ်ခုတည်းကို တိုက်သွားတာပါ။ ပျက်စီးသွားတာက ဆိုက်ရောက်နားနေခန်းနဲ့ ထွက်ခွာနားနေခန်းအကြား ကာထားတဲ့ ခန်းဆီးမှန်တွေ ကွဲအက် ပျက်စီးသွားပါတယ်။ နောက်ခရီးသည် ဝင်ပေါက်အနီးက မှန်တွေ ကွဲအက် ပြိုကျသွားပါ” ဟု ကျောက်ဖြူ လေဆိပ်မှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယနေ့ထုတ် အစိုးရ သတင်းစာတွင် လေဆိပ်အဆောက်အဦးအတွင်း ခရီးသည်အဝင်ပေါက်နှင့် အဲယားလိုင်းကောင်တာ အားကာရန်ထားသည့် အလျားပေ ၉၀၊ အနံ ၁၂ ပေရှိအလူမီနီယမ် ဘောင်ကွပ် ထားသည့်မှန်နှင့် အဲယားလိုင်း ကောင်တာခရီးသည် ထွက်ပေါက်အား ကာရန်ထားသည့် အလျား၂၈ပေ၊အနံ ၈ ပေရှိအလူမီနီယမ်ပေါင်ကွပ်ထားသည့်မှန်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၁၀ သိန်းခန့်ရှိကြောင်း ဖော်ပြထားသည်။

“ သိရသလောက်တော့ ပြူတင်းပေါက်တွေကို ဖွင့်ထားရာကနေ လေဆင်နှာမောင်းတိုက်တော့ လေတွေဝင်ရောက်ပြီး အခုလို မှန်တွေ ပြိုကွဲ ပျက်စီးသွားတာလို့ သိရပါတယ်။ တစ်ခြား နေရာတွေက ပျက်စီးတာက မရှိပါဘူး” ဟု သူက ဆက်လက် ပြောကြားသည်။

ကျောက်ဖြူ လေဆိပ်သည် မြန်မာနိုင်ငံမှ အဆင့်မမှီဆုံး လေဆိပ်ထဲမှ တစ်ခု ဖြစ်ပြီး လေဆိပ်အဆောက်အဦးကို ၁၉၈၃ ခုနှစ်လောက်က တည်ဆောက်ခဲ့ပြီး ယခုအခါ ဟောင်းနွမ်းနေပြီဖြစ်ကြောင်း၊ ကျောက်ဖြူ လေဆိပ် ပြေးလမ်းအရှည်မှာ ယခင်က ၄၆၂၀ ပေသာ အရှည်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ် တိုးချဲ့ခဲ့ကာ ယခုအခါ ပေ ၇၀၀၀ ခန့် အရှည်ရှိပြီး အကျယ်မှာ ပေ ၁၀၀ ရှိကြောင်း သိရသည်။

ကျောက်ဖြူလေဆိပ် ခရီးသည်များ နားနေဆောင်တွင် လေအေးစက်မရှိခြင်း၊ လေပင်ကာများ လုံလောက်စွာ တပ်ဆင်မထားသည့် လေဆိပ် တစ်ခု ဖြစ်ပြီး ခရီးသည်များအတွက် ဝန်ဆောင်မှု ပေးရာတွင် လိုအပ်ချက်များစွာရှိနေသည့် လေဆိပ်တစ်ခု ဖြစ်ကြောင်း သိရသည်။

“ ရခိုင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ လျှပ်စစ်နှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ တာဝန်ရှိသူတွေ မနေ့ မနက် ၉ နာရီမှာ လာရောက် စစ်ဆေး သွားခဲ့ ပါတယ်” ၎င်း လေဆိပ် ဝန်ထမ်းက ပြောကြားသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...