ကားတိုက်ခံပြီး သေဆုံးခဲ့ရသည့်သားအမှုတွင် ပြစ်မှုကျူးလွန်သူကို မဖော်ထုတ်နိုင်၍ ဖခင်ဖြစ်သူမှ သတင်းစာရှင်းလင်း

ကားတိုက်ခံပြီး သေဆုံးခဲ့ရသည့်သားအမှုတွင် ပြစ်မှုကျူးလွန်သူကို မဖော်ထုတ်နိုင်၍ ဖခင်ဖြစ်သူမှ သတင်းစာရှင်းလင်း
by -
စံမောင်သန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ဘူးတစ်လုံးအုပ်စု၊ ရွှေလံကျေးရွာမှ ဦးမောင်ကျော်ဦးသည် သူ၏ သားဖြစ်သူ ကားတိုက်၍ သေဆုံးသွားသည်မှာ သုံးလနီးပါးခန့် ရှိလာပြီ ဖြစ်သော်လည်း ရဲတပ်ဖွဲ့က ယနေ့ထိ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ပေးနိုင်ခြင်းမရှိသဖြင့် သြဂုတ် ၁ ရက်နေ့က စစ်တွေမြို့ အားသစ် လဘက်ရည်ဆိုင်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ပြစ်မှု ကျူးလွန် သူများကို ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။

“ ကျွန်တော်သား ဦးစိုးနိုင် သေဆုံးတဲ့အမှုမှာ ရဲဘက်ကရိုးသားမှု မရှိတဲ့အတွက် ဒီလို တရားခံကို မဖော်ထုတ် နိုင်တာလို့ ယူဆမိပါတယ်။ ကျွန်တော် အနေနဲ့ ဒီအမှုကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် လုပ်ဆောင်ပြီးတော့ တရားခံကို စိစစ်ဖော်ထုတ်ပေးစေချင်ပါတယ်”ဟု ဦးမောင်ကျော်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခုနှစ် မေ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ဦးမောင်ကျော်ဦး၏ သားဖြစ်သူ ဦးစိုးနိုင် (၃၄) နှစ် သည် သူ၏ သူငယ်ချင်း တစ်ဦးဖြစ်သူ တစ်ရွာတည်းနေ ဦးမောင်အေးမြင့်ကို သူ၏ နေအိမ်သို့ လမ်းလျှောက် လိုက်ပို့စဉ် မြောက်ဦးမြို့နယ် ရွှေလံကျေးရွာ မိုင်တိုင်အမှတ် ၉၉/၇ ၌ ကားတစ်စီးမှ ဝင်တိုက်ပြီး ထွက်ပြေးသွားခဲ့သည်။

ဦးစိုးနိုင်မှာ ကားတိုက်ခံရမှုကြောင့် ဦးခေါင်းကြေမွသွားပြီး အခင်းဖြစ်ပွားရာတွင် သေဆုံးသွားကာ ဦးမောင်အေးမြင့်မှာလည်း ကားတိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ အဲဒီနေ့ ကားတိုက်ပြီး ရဲကို အကြောင်းကြားတော့ ၁၀ မိနစ်ခန့် အကြာမှာ မြောင်းဘွေ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပါတယ်။ သုံးယောက်က ဆိုင်ကယ်တွေနဲ့ ထွက်ပြေး သွားတဲ့ ကားနောက်ကို လိုက်သွားခဲ့တယ်။ ဒါပေမယ့် တိုက်တဲ့ကားက ဘယ်ကား၊ ဘယ်သူ ပိုင်သလဲဆိုတာ အခုအချိန်ထိ ဖော်ထုတ်ပေးနိုင်ခြင်း မရှိသေးဘဲဖြစ်နေပါတယ်” ဟု ဦးမောင်ကျော်ဦးက ဆက်လက် ပြောဆိုသည်။

ကားတိုက်ခံရပြီး ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ မြောက်ဦးမြို့နယ် မြောင်းဘွေ ရဲစခန်းမှ ရဲအုပ် ကြည်လှိုင်၊ ရဲတပ်ကြပ် လှကျော်စိန်၊ ရဲတပ်သားနှစ်ဦးဖြစ်ကြသည့် ပေါက်ပေါက်နှင့် သိန်းထွန်းတို့ ဖြစ်ကြကြောင်း၊ ရဲအုပ် ကြည်လှိုင်၊ ရဲတပ်သားပေါက်ပေါက်နှင့် သိန်းထွန်းတို့သည် အခင်းဖြစ်ပြီး မိနစ် ၂၀ ခန့်အကြာတွင် တိုက်သွားသည့်ကားကို သိရှိနိုင်ရန် ဆိုင်ကယ်ဖြင့် လိုက်ပါသွားကြကြောင်း၊ ရဲတပ်ကြပ် လှကျော်စိန်မှာ အခင်းဖြစ်ပွားရာတွင် ကျန်ရစ်နေခဲ့ကြောင်း သူက ဆက်လက်ပြောကြားသည်။

ကားတိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မင်းပြားမြို့မ စခန်းမှူးမှ ဖခင်ဖြစ်သူ ဦးမောင်ကျော်ဦးအား မြောင်းဘွေရဲစခန်းမှူး အတူ မင်းပြားမြို့မ ရဲစခန်းသို့ ဇွန် ၂၀ ရက်နေ့က တစ်ကြိမ်ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့သည်ဟု ဆိုသည်။

ယင်းသို့ ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့သည့်နောက်ပိုင်းတွင်လည်း အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထူးခြားမှု မတွေ့ရှိရသဖြင့် ဇူလိုင်လ ဒုတိယအပတ်ခန့်က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရဲချုပ်၊ သမ္မတနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်နှင့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးတို့ကို တစ်ပြိုင်နက်တည်း စာရေးသား တိုင်ကြားခဲ့သည်ဟု သိရသည်။

သို့သော် တစ်စုံတစ်ရာ ထူးခြားမှု မရှိသဖြင့် စစ်တွေမြို့သို့ လာရောက်ပြီး ယခုကဲ့သို့ သတင်းစာ လရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးမောင်ကျော်ဦးက ပြောဆိုသည်။

အမှုနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် နိရဥ္စရာ သတင်းဌာနမှ မြောင်းဘွေရဲစခန်းသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာ ပထမအကြိမ်တွင် အစည်းအဝေးလုပ်နေ၍ နောက်မှ ဖုန်းပြန်ခေါ်ရန် ပြောပြီး၊ နောက်ထပ်ဆက်သွယ်ရာ ဆက်သွယ်မှု ဧရိယာပြင်ဘက်သို့ ရောက်ရှိနေ၍ အကြောင်းပြန်သဖြင့် ဆက်သွယ် မေးမြန်း၍ မရရှိခဲ့ပါ။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...