မြန်မာ-ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာနယ်စပ်တွင် တွေ့ဆုံ၊ ၁၃ ကြိမ်မြောက် နတ်မြစ်တွင် ပူးတွဲကင်းလှည့်

မြန်မာ-ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာနယ်စပ်တွင် တွေ့ဆုံ၊ ၁၃ ကြိမ်မြောက် နတ်မြစ်တွင် ပူးတွဲကင်းလှည့်

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့နှင့် ဘင်္ဂလာဒေ့ရှ်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၃၁ ရက်နေ့က မြန်မာနိုင်ငံ မောင်တောမြို့ အမှတ် (၁) ဝင်/ထွက်ဂိတ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု ဘင်္ဂလာဒေ့ရှ် တက်ကနက် နယူးစ်တွင် သတင်းဖော်ပြသည်။

၎င်းဆွေးပွဲသို့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဘက်မှ ဒုတိယ ဗိုလ်မှူးကြီး နိုင်ဦးထွန်း ဦးဆောင်သော ၁၀ ယောက်ပါ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သလို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ ဒုတိယ ဗိုလ်မှူးကြီး မူဟာမတ်အာချာဒူလာ ချော်ဒူရီ ဦးဆောင်သော ၁၀ ယောက်ပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ကြောင်း သတင်းတွင် ရေးသားသည်။

ယခုတွေ့ဆုံမှုမှာ မိတ်ဖြစ်ဆွေဖြစ်တွေ့ဆုံပွဲဖြစ်ပြီး နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

အလားတူ ဇူလိုင် ၃၁ ရက်နေ့က ၁၃ ကြိမ်မြောက် ပူးတွဲကင်းလှည့်မှုကို နတ်မြစ်အတွင်း နှစ်ဘက်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့သည်ဟု သိရသည်။

နတ်မြစ်အတွင်း ပူးတွဲကင်းလှည့်ရာတွင် တစ်ဖက်မှ ၁၂ ယောက်စီ ပါဝင်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ၀ါးခွပ်ချောင်း အနီးမှ စပိဘုတ် နှစ်စီးဖြင့် စတင်ပြုလုပ်ခဲ့ကြောင်း၊ ပူးတွဲကင်းလှည့်ခြင်းမှာ နယ်စပ်တစ်လျှောက် လုံခြုံရေး ကောင်းမွန်ရန်နှင့် မူးယစ်မှောင်ခိုနှင့် လူကုန်ကူးမှုကို နှိမ်နှင်းရန် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပူးတွဲကင်းလှည့်မှုကို ၂၀၁၈ ခုနှစ် မတ်လမှ စတင်ပြုလုပ်ခဲ့ရာ မတ်လတွင် ၄ ကြိမ်၊ ဇွန်လတွင် ၄ ကြိမ်နှင့် ဇူလိုင်လတွင် ၅ ကြိမ်၊ စုစုပေါင်း ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲ အပါအဝင် နယ်စပ်တွင် ပူးတွဲကင်လှည့်မှုနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် အတွက် နိရဥ္စရာသတင်းဌာန အနေဖြင့် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်း လိုသော်လည်း တစ်ကြိမ် တစ်ခါမျှ ဖုန်းလက်ခံဖြေကြားမှု မရှိခြင်း၊ သတင်းပြန်ကြားမည့် အဖွဲ့မရှိခြင်းတို့ကြောင့် မြန်မာဘက်က သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...