တရုတ်ရေနံတင် သင်္ဘောများ ဝင်ထွက်သွားလာနေသည့် ကျောက်ဖြူမြို့နယ် မဒေးကျွန်း သံဇစ်မြစ်အတွင်း ပေါလောမျောနေသော သဲချေးရောင် မဲညစ်နောက်ကျိ ရေများကို စစ်တွေနှင့် ရန်ကုန်သို့ ပို့ဆောင်ပြီး ဓာတ်ခွဲစမ်းသပ် စစ်ဆေးမည် ဖြစ်ကြောင်း ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ပြောကြားသည်။
၎င်းသံဇစ်မြစ်တွင် ဖြစ်နေသော မဲညစ်ရေများကို ဇူလိုင် ၂၈ ရက်နေ့က စက်လှေဖြင့် သွားရောက် စစ်ဆေးပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ထိုသို့ ထုတ်ဖော်ပြောကြာခြင်းဖြစ်သည်။
“ ကျွန်တော်တို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ ရေအမဲတွေ တွေ့တယ်လေ။ နံပတ်တစ် ရေနံနဲ့ ပတ်သက်တဲ့ ဟာတော့ မဟုတ်ဘူး။ ရေမဲတွေကို ခပ်ပြီး ယူလာတယ်။ ရေခပ်ယူလာတော့ အနည်လေးတွေ ကျလာတယ်။ ဘာကြောင့် မဲတာလဲဆိုတာကို သိနိုင်အောင် ရေနမူနာယူပြီး စစ်တွေ၊ ရန်ကုန်တို့ကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးဖို့ ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်တာလဲပေါ့နော်” ဟု ခရိုင်အုပ်ချုပ်ရေးမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
သံဇစ်မြစ်ရေကို သွားရောက်စစ်ဆေးရာတွင် ကျောက်ဖြူ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်များ၊ သစ်တောနှင့် ငါးလုပ်ငန်းဦးဌာနမှ တာဝန်ရှိသူများ၊ MOGE က တာဝန်ရှိသူများ၊ CNPC တရုတ်ကုမ္မကီက တာဝန်ရှိများ ပါဝင်ကြောင်း သိရသည်။
သွားရောက်စစ်ဆေးရာတွင် ပါဝင်သူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “ ကျွန်တော်တို့က အဲဒီအနားမှာ ငါးဖမ်းနေတဲ့ စက်လှေတွေကို ဟွန်ဒါ စက်လှေနဲ့သွားပြီး မဲညစ်နေဆုံးနေရာက ရေတွေကို သွားခပ်ခိုင်းပါတယ်။ ရေတွေကို ရေသန့်ပုလင်း ဗူးခွံထဲ ထည့်တော့ မိနစ် ၂၀ လောက် အကြာမှာ အဲဒီရေတွေ အနည်ထိုင်လာတယ်။ သံချေးလိုလို ရေညှိုလိုမျိုး အနည် ထိုင်လာတယ်။ ဒါကိုလည်း အားလုံးမြင်တယ်။ နမ်းကြည့်တောလည်း အနံ့က မရှိဘူး။ ထူးတော့ ထူးဆန်းပါတယ်” ဟု ပြောကြားသည်။
၎င်းနောက်ကျိ မဲညစ်ရေများကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီခွဲခန့်တွင် ရောက်ရှိသွားချိန်တွင် မဒေးကျွန်းရေနံတင် ဆိပ်ကမ်းအနားတွင် မတွေ့ရကြောင်း၊ မဒေးကျွန်းမှ ၅ မိုင်ခွဲခန့်တွင်မှ ရေများကို နောက်ကျိနေတာကို တွေ့ကြောင်း၊ မဒေးကျွန်းရေများ၏ သဘာဝမှာ စိမ်းညို့နေပြီး ယခုရေမှာ နောက်ပြီးသံချေးလို အရောင်ဖြင့် မျောနေသည်ကို တွေ့ရကြောင်း၊ တွေ့ရသည့် နေရာမှာ မဲချောင်းတောင်ကုန်း အောက်တွင် ရှိသည့် ချောင်းဝတွင် ဖြစ်ကြောင်း၊ စက်လှေပေါ်မှ ကြည့်လျှင် မျောနေသည့် ရေပြင်မှာ သုံးမိုင်ခန့် အရှည် မြင်ရကြောင်း ဦးဖိုးစံက ဆက်လက် ပြောကြားသည်။
ဒေသခံများ အနေဖြင့် မဒေးကျွန်းရှိ တရုတ် ရေနံလှောင်တဲ့ တိုင်ကီများမှ အညစ်အကြေးများကို မြစ်ထဲသို့ ဆေးချရာကနေ ဖြစ်ပေါ်လာသည်ဟု ထင်မြင်ယူဆချက်များ ရှိနေကြောင်း၊ သို့သော် အတည်ပြုရန် ခက်ခဲနေကြောင်း မဒေးကျွန်း ကျောက်တန်းရွာက သဘာဝပတ်ဝန်းကျင်အရေး လူပ်ရှားနေသူ ဦးမောင်မြင့်စိုးက ပြောကြားသည်။
ယခုလို သံချေးရောင် မဲညစ်နေတဲ့ ရေစီးကြောင်း ဖြစ်ပေါ်နေသဖြင့် ရေနေသတ္တဝါများ သေဆုံးခြင်းမျိုး မတွေ့ရသော်လည်း ၎င်းမြစ်ကြောင်း တစ်လျှောက်တွင် ရေလုပ်သားတွေအနေဖြင့် ယခင်ကလို ငါးဖမ်း၍ မရတော့ကြောင်း သူက ဆက်လက် ပြောဆိုသည်။







