BXTက ငွေပြန်အမ်းသည့်အပေါ်တိုင်ကြားပါက ပြည်နယ်အစိုးရမှကြားဝင်ဖြေရှင်းပေးမည်ဟုဆို

BXTက ငွေပြန်အမ်းသည့်အပေါ်တိုင်ကြားပါက ပြည်နယ်အစိုးရမှကြားဝင်ဖြေရှင်းပေးမည်ဟုဆို

စစ်တွေမြို့တွင် မြေကွက်ဖော်ထုတ်နေသည့် ကိုးရီယားကုမ္ပဏီ BXT International Co., Ltd မှ မြေကွက်များ ရောင်းချထားမှုကို ဖျက်သိမ်းလိုက်ပြီး စရံငွေများကို ပြန်ပေးနေမှုကို မကျေနပ်သူများ ရှိပါက ပြည်နယ် အစိုးရကို တိုင်ကြားနိုင်ပြီး၊ တိုင်ကြားပါက ကြားဝင် ဖြေရှင်းပေးမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူရေးနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွှင်က ပြောဆိုသည်။

“ ကျွန်တော်တို့က မကျေနပ်သူတွေရှိရင်၊ တရားမျှတမှု မရှိဘူးလို့ ထင်ရင် ပြည်နယ် အစိုးရကို တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားလာရင် ကျွန်တော်အနေနဲ့ BXT ကုမ္ပဏီက တာဝန်ရှိသူတွေကို ခေါ်ယူပြီး ကြားဝင် ဖြေရှင်းပေးမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးကျော်လွှင်က နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

BXT International Co., Ltd မှ မြေကွက် စရံပေး ဝယ်ယူထားသူများသို့ ပေးပို့သော စာထဲတွင် ယခု ရောင်းချထားသည့် အစီအစဉ်ကို ဖျက်သိမ်းရခြင်းမှာ ရခိုင်ပြည်နယ် အစိုးရ၏ (၁၄-၂-၂၀၁၈) နေ့စွဲဖြင့် ပေးပို့သောစာတွင် ၎င်းမြေကွက်များအား ငွေအရစ် ကျပေးချေမှုဖြင့် ကြိုတင် ရောင်းချခြင်းကို ခွင့်မပြုတော့ကြောင်း၊ ထိိုသို့ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အမိန့်စာ ထုတ်ဆင့် ခဲ့သည့် အတွက်ကြောင့် နှစ်ဦး သဘောတူထားမှုကို ဖျက်သိမ်းရခြင်းဖြစ်သည်ဟု ပါရှိသည်။

မည်သည့်အတွက်ကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ BXT International Co., Ltd မှ မြေကွက်များ ရောင်းချခြင်းကို တားမြစ်ရပါသလဲဟု ဝန်ကြီးဦးကျော်လွှင်အား ဆက်လက် မေးမြန်းရာ သူက “ ကျွန်တော်တို့ အစိုးရနဲ့ ကိုရီးယား BXT ကုမ္ပဏီနဲ့ MoA (Memorandum of Agreement – MOA ) ထိုးထားတဲ့ စာချုပ်တွေရှိပါတယ်။ အဲဒီ ထိုးထားတဲ့ စာချုပ်တွေ အရ အကုန်လုံး လုပ်ငန်းပြီးရင် ရခိုင်ပြည်နယ် အစိုးရကို လုပ်ငန်း အပ်ရမယ်။ အပ်ပြီးမှ မြေယာ ရောင်းချရေး စီမံခန့်ခွဲရေး ကော်မတီကတစ်ဆင့်မှဘဲ အဲဒါကို ရောင်းချရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခု လုပ်ငန်းကလည်း မပြီးသေးဘူး။ သူတို့စာချုပ်စာတန်းနဲ့အညီ ကျွန်တော်တို့ အစိုးရ အဖွဲ့ကိုလည်း အဲဒါတွေကို မအပ်သေးတာ ဖြစ်တဲ့ အတွက်ကြောင့် ဒါကို သူတို့ ရောင်းချတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအဖွဲ့ကတော့ လုံးဝ တာဝန်မယူပါဘူး။ အဲဒါတွေ အကုန်လုံးပြီးမှဘဲ ကျွန်တော်တို့က အဲဒါတွေကို ဥပဒေနဲ့ အညီ စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

BXT ကိုရီးယားကုမ္ပအဏီမှ သူတို့ထံသို့ ပေးသွင်းထားသော စိတ်ဝင်စားကြေးငွေ (၁၀) သိန်းကျပ် တိတိအား ပြန်လည် ထုတ်ယူရန် မြေကွက်စရံပေးထားသူများသို့ စာအကြိမ်ကြိမ် ပို့ဆောင်နေကြောင်း၊ သို့သော်လည်း အများစုက ၎င်းငွေကို ထုတ်မယူကြဟုသိရသည်။

မြေကွက်ဝယ်ရန် စရံငွေ ပေးသွင်းထားသူ စစ်တွေ ဒေသခံ ဦးထွန်းအောင်စိန်က “ ကျွန်တော်တို့ ပေးသွင်းထားတဲ့ စရံငွေ (၁၀) သိန်းကို စိတ်ဝင်စားကြေးငွေဆိုပြီး ခေါင်းစဉ်တပ်ကာ ပြန်လည် ထုတ်ယူဖို့ စာနဲ့ အကြောင်းကြားတာ နှစ်ကြိမ် သုံးကြိမ်ရှိပါပြီ။ ကျွန်တော်တို့က ဒီလို ပြန်ပေးတာကို သဘောမတူဘူး။ လုံးဝ ဒီငွေကို မထုတ်ဘူး။ ကျွန်တော်တို့ မြေကွက် ဝယ်ယူ ထားသူတွေ အနေနဲ့ ဒီကနေ့ မွန်းလွဲပိုင်းမှာ အာရီယံစားသောက်ဆိုင်မှာ တွေ့ဆုံပြီး ဆွေးနွေး သွားဖို့ လုပ်နေပါတယ်။ သူတို့က ကျွန်တော်တို့ကို ပိုက်ဆံသွင်းပြီးမှ မဝယ်လို့ ရှိရင် ပိုက်ဆံ ဆုံးမယ်လို့ ပြောထားတယ်။ အခု သူတို့ ပိုက်ဆံကို ပြန်အမ်းနေတော့ သူတို့ဂတိကို သူတို့ ဘယ်လိုလုပ်မလဲဆိုတာ မေးမြန်းဖို့ဖြစ်နေပြီ။ ရခိုင်ပြည်နယ် အစိုးရကိုလည်း တိုင်ကြားသွားဖို့ အစီအစဉ်တွေရှိပါတယ်” ဟု သူက ပြောကြားသည်။

ယခု ပြသနာ ပေါ်ပေါက်နေသည့် မြေယာရောင်းချမှုသည် ကိုးရီယားကုမ္ပဏီ BXT International Co., Ltd နှင့် ရခိုင်ပြည်နယ် အစိုးရတို့ အကျိုးတူ ပူးပေါင်းကာ စစ်တွေမြို့ အရှေ့ဘက် ဂစ္ဆပနီ မြစ်ကြောင်း တစ်လျှောက်ရှိ ကမ်းခြေအား ကျောက်စီ၊ မြေဖို့ကာ မြေယာဖော်ထုတ်မှု စီမံကိန်းမှ မြေများဖြစ်သည်။

အဆိုပါ စီမံကိန်းသည် ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလန်းများ၊ဒေသအတွင်း စီးပွားရေး တိုးတက်မှုများ လမ်းဖွင့်ပေးမည့်အပြင် ခေတ်မီ မြို့ပြ အဆောက်အအုံများ၊ အပန်းဖြေ စခန်းများ၊ ကိုယ်ကာယ သင်တန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ တည်ဆောက်ရန် ရည်ရွယ်ပြီး ဖော်ထုတ်သော စီမံကိန်းဖြစ်ကြောင်း သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...