ရခိုင်ပန်းချီဆရာမောင်မောင်စော ရှစ်လေးလုံးအထိမ်းအမှတ်တစ်ကိုယ်တော် ပန်းချီပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်

ရခိုင်ပန်းချီဆရာမောင်မောင်စော ရှစ်လေးလုံးအထိမ်းအမှတ်တစ်ကိုယ်တော် ပန်းချီပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်
by -
စံမောင်သန်း

လာမည့် သြဂုတ်လ ၈ နေ့တွင် ကျရောက်မည့် နှစ် (၃၀) ပြည့် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရခိုင်ပန်းချီဆရာ ပန်းချီမောင်မောင်စောက တစ်ကိုယ်တော် ပန်းချီပြပွဲ တစ်ခုကို ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

၎င်းပန်းချီပြပွဲကို “တွန်းတိုက်ခဲ့ကြသူများသို့” ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ အလှသစ်ပန်းချီပြခန်းတွင် သြဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၇) ရက်တိုင်တိုင် ပြသသွားမည်ဟု သိရသည်။

၁၉၈၈ ခုနှစ်မှသည် ယနေ့ကာလအထိ မြန်မာနိုင်ငံရေး အရွေ့အပြောင်းအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသူများ၊ စွန့်လွှတ် ပေးဆပ် အနစ်နာခံခဲ့ကြသူများကို ဂုဏ်ပြုသည့်အနေဖြင့် အဆိုပါ ပန်းချီပြပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပန်းချီမောင်မောင်စောက ဆိုသည်။

“၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အငွေ့အသက်တွေကို ပန်းချီပြခန်းကို လာရောက်ကြည့်ရှုသူတွေ ခံစားမိစေဖို့။ ၈၈ အရေးအခင်းကို သင်ခန်းစာ ယူကြစေဖို့နဲ့ မြန်မာနိုင်ငံရေးအရွေ့ ကောင်းကောင်း မွန်မွန်ဖြစ်စေချင်တယ်၊ ငြိမ်းချမ်းရေးအရွေ့ မှန်ကန်စွာ ရွေ့စေချင်တဲ့ ဆန္ဒနဲ့ ဒီပန်းချီပြပွဲကို ပြုလုပ်ရတာဖြစ်ပါတယ်”ဟု ပန်းချီမောင်မောင်စောက ပြောသည်။

၈၈၈၈ အရေးတော်ပုံ နှစ် ၃၀ ပြည့်အထိမ်းအမှတ် ပန်းချီပြပွဲ၌ ရဟန်းသံဃာများထဲမှ ဆရာတော် ဦးဝီရသူနှင့် ဦးဂမ္ဘီရ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဆရာကြီး ဦးဦးသာထွန်း၊ ဒေါက်တာစောမြအောင်၊ ဦးဦးသာဘန်းနှင့် ဦးအေးသာအောင်၊ ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစော၊ NLD ပါတီထဲမှ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ SNLD မှ ခွန်ထွန်းဦးနှင့် စိုင်းညွန့်လွင်၊ မွန်လူမျိုးထဲမှ နိုင်ငွေသိန်းနှင့် နိုင်ထွန်းသိန်း၊ ချင်းအမျိုးသားထဲမှ ဆလိုင်းလျံမှူးဆာခေါင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၏ ပထမဆုံး ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ရခိုင်စစ်ဒေသ) ABSDF (Arakan) ဥက္ကဋ္ဌ ခိုင်ဆန်းအောင်နှင့် ၈၈ အရေးအခင်းတွင် အသက်စွန့်လွှတ် အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြသူများ၊ စာပေနယ်ပယ်၊ လူမှုအဖွဲ့အစည်းနယ်ပယ်ထဲမှ ဂုဏ်ပြုထိုက်သူများ၏ ပုံတူပန်းချီကားများနှင့် ၈၈ အရေးအခင်း လှုပ်ရှားမှု ပုံရိပ် ပန်းချီကားများအပါအဝင် ပန်းချီကားပေါင်း ၈၀ ကျော်ကို ပြသသွားမည်ဟု သိရသည်။

ပန်းချီမောင်မောင်စောသည် ၈၈၈၈ အရေးတော်ပုံ (၂၅) နှစ်မြောက် ငွေရတုသဘင် အခမ်းအနား တွင်လည်း ပန်းချီကားပေါင်း ၈၈ ကားပါ တစ်ကိုယ်တော် ပန်းချီပြပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။ သူ့အနေဖြင့် တစ်ကိုယ်တော် ပန်းချီပြပွဲများကို ရခိုင်တွင် နှစ်အကြိမ်၊ ရန်ကုန်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ယခုအကြိမ် ပြသမည့် ပန်းချီပြပွဲသည် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

၈၈၈၈ အရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနား ပန်းချီပြပွဲဖြစ်မြောက်ရေးအတွက် ၈၈ ရခိုင် မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ အလှူငွေ ၂ သိန်းကျပ်ကို ထည့်ဝင်ထားကြောင်း သိရှိသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...