လားရှိုးမြို့ နမ့်လောင်းချောင်းအတွင်း ကားရောလူပါပြုတ်ကျမျောပါသူ၏အလောင်းအား ယနေ့မနက်ပိုင်းတွင် တွေ့ရှိ

လားရှိုးမြို့ နမ့်လောင်းချောင်းအတွင်း ကားရောလူပါပြုတ်ကျမျောပါသူ၏အလောင်းအား ယနေ့မနက်ပိုင်းတွင် တွေ့ရှိ

ပြီးခဲ့သည့် စနေနေ့ညပိုင်းက လားရှိုးမြို့နယ် ခိုလောင်းရွာတံတားမှ နမ့်လောင်းချောင်းရေအတွင်း ကားနှင့်အတူမျောပါသွားသော ကားပိုင်ရှင် စိုင်းငြိမ်းကျော်ဦး၏အလောင်းအား ယနေ့ (ဇူလိုင်လ ၃၁ ရက်)မနက်ပိုင်းက လားရှိုး ၁၂ ရပ်ကွက်အနီးရှိ နမ့်သျှိုချောင်းပေါ်က သံမဏိဆည်အနီးတွင်တွေ့ရှိပြီဖြစ်ကြောင်းသိရသည်။

မနက် ၈ နာရီကျော်ကျော်က ဘူးခွံကောက်ထွက်သူ ၂ ဦးက တွေ့ရှိရာ မှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဆွေမျိုးသားချင်းများက လာရောက်ဆယ်ယူခဲ့ကြခြင်းဖြစ်သည်။

၄င်းအလောင်းအားရင်ခွဲရုံသို့ပို့ဆောင်ပြီးနောက်ယနေ့အတွင်းပင်မီးသဂြိုဟ်မည်ဖြစ်ကြောင်းမိသားစုဝင်ကပြောပါသည်။

ရေနှင့်မျောပါသွားသူ စိုင်းငြိမ်းကျော်ဦးမှာ ရေမကူးတတ်ကြောင်းလည်း မိသားစုဝင်ကပြောသည်။

ဇူလိုင်လ ၂၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောင်းရေလျှံတက်ကာရေစီးသန်ချိန် ၁၂ ရပ်ကွက်သား စိုင်းငြိမ်းကျော်ဦးသည် တားမြစ်ထားသည့်ဧရိယာအတွင်းရှိ တံတားတခုအားဖြတ်မောင်းနှင်ရာ ချောင်းရေနှင့်အတူ လူရော ကားပါ မျောပါသွားခဲ့သည်။ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့က လားရှိုးမြို့နယ်အတွင်းရှိ ကူညီကယ်ဆယ်ရေးအဖွဲ့များ ပရဟိတအဖွဲ့များ၊ ဒေသခံလူထုများ စုပေါင်းကာ ရှာဖွေခဲ့သော်လည်း အလောင်းအားမတွေ့ရှိခဲ့ပေ။

လားရှိုးမြို့ ၁၂ ရပ်ကွက်သား စိုင်းငြိမ်းကျော်ဦးခေါ် ချိုချိုမှာ လက်ရှိတွင် ဇနီးနှင့် သမီး ၂ ဦးကျန်ရစ်ခဲ့ကြောင်းသိရသည်။ နမ့်လောင်းချောင်းသည် အထက်ပိုင်းမှစီးဆင်းလာကာ ဝမ့်လောင်းတွင် နမ့်သျှိုနှင့်ပေါင်းပြီး အေဒီတွင် နမ့်ယောဝ်ချောင်းအတွင်းစီးဝင်ကြောင်း၊ ထိုမှတဆင့် နမ္မတူမြစ်အတွင်းသို့စီးဝင်ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...