စစ်တပ် ရွေးကောက်ပွဲ မဲပေးရေး အောင်ပန်း ဒေသခံများ စိတ်မဝင်စား

စစ်တပ် ရွေးကောက်ပွဲ မဲပေးရေး အောင်ပန်း ဒေသခံများ စိတ်မဝင်စား

သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် သွားရောက် မဲပေးရေးကို စိတ်မဝင်စားကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လာမည့် နှစ်ကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်တပ် ရွေးကောက်ပွဲ အပေါ် သဘောထားအမြင်များနှင့် ပတ်သက်၍ အောင်ပန်းမြို့ခံများအား ယခုရက်ပိုင်း အတွင်း ဆက်သွယ်မေးမြန်းရာတွင် အများစုက မဲရုံသို့ သွားမည် မဟုတ်ကြောင်း ဖြေကြားသည်။

“ဆန္ဒပြတုန်းက (၂၀၂၁ ခုနှစ်) ကလေးတွေကို ပစ်သတ်ထားတာ။ အဲကတည်းက ပြေးတဲ့သူကပြေးရ စီးပွားတွေပျက်၊ မိသားစု‌ တကွဲတပြား ဘဝပျက်တာတွေ အများကြီး။ ခုထိပဲ။ ဘယ်သူမှ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး” မြို့ခံ ရပ်မိရပ်ဖတဦးက ဆိုသည်။

လက်ရှိ ဓနု၊ ပအိုဝ်း (PNO ပြည်သူ့စစ်) နှင့် ကြံ့ခိုင်ရေး အပါအဝင် ကလောမြို့နယ်တွင် ဝင်ရောက် ယှဥ်ပြိုင်မည့် ပါတီများ အောင်ပန်းမြို့ပေါ်တွင် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်နေသော်လည်း လူထု စိတ်ဝင်စားမှု နည်းပါးသည်ဟု တခြားမြို့ခံ အမျိုးသားတဦးက ဆိုသည်။

“သိရသလောက်က ကြံ့ခိုင်ရေး၊ ဓနု၊ ပအိုဝ်း၊ ပီသုံးလုံး (PPP) အဲပါတီတွေ ရပ်ကွက်တွေထဲ စည်းရုံးတာတော့ တွေ့တယ်။ ဘယ်သူမှ စိတ်ဝင်မစားဘူး။ ကျနော်လည်း မဲသွားမပေးဘူး။ နီးလာရင် ခြိမ်းခြောက်အုံးမလားတော့ မသိဘူး” ဟု ၄င်းက ရှင်းပြသည်။

ကလောမြို့နယ် အတွင်း ဓနု လူမျိုးစု အများဆုံးနေထိုင် သဖြင့် ဓနုပါတီ အားကောင်းသည်ဟု ဆိုနိုင်သော်လည်း လူမျိုးရေးအရ စည်းလုံးမှု မရှိသဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင်သာ အနိုင်ရခဲ့ဖူးသည်ဟု ဆိုသည်။

“အောင်ပန်းမြို့ပေါ်နဲ့ အနီးအနားက ရွာတွေမှာက မြို့နယ် လူဦးရေးရဲ့ တဝက်လောက် နေတာဆိုတော့ ရွေးကောက်ပွဲတွေမှာ အောင်ပန်းမဲက အရေးကြီးတယ်။ အောင်ပန်းက လူတွေ မဲပေးတဲ့ဘက်က နိုင်တာပဲ။ အရင် ၂၀၁၅၊ ၂၀၂၀ တုန်းက လူများစုက NLD ကို ပေးခဲ့ကြတာ၊ အခုကတော့ မဲပေးမဲ့လူ နည်းမယ်” ဟု မြို့ခံ နိုင်ငံရေးနှင့် နီးစပ်သူ တဦးက သုံးသပ်သည်။

လက်ရှိ လူဦးရေနှင့် ပါတီ အင်အားအရ ကလောမြို့နယ်တွင် ဓနုပါတီ၊ ပအိုဝ်း ပြည်သူ့စစ်ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့သာ အပြိုင်အဆိုင် ဖြစ်နေပြီး ပအိုဝ်း ပြည်သူ့စစ်၏ အနိုင်အထက်ပြုခဲ့သည့် ကိစ္စများစွာ ရှိခဲ့သောကြောင့် မဖြစ်မနေ မဲပေးရမည် ဆိုပါက ဓနုပါတီ အနိုင်ရဖွယ်ရှိသည်ဟု ၄င်းက သုံးသပ်သည်။

“ခေတ်အဆက်ဆက် အောင်ပန်းမှာ ပအိုဝ်းပြည်သူ့စစ်ရုံးရှိတယ်။ လူတွေကို အနိုင်ကျင့်တာ ဒုက္ခပေးတာပဲရှိတော့ ပအိုဝ်းတွေတောင် မကြိုက်ကြဘူး။ မဖြစ်မနေ မဲထည့်ရမယ် ဆိုရင်တော့ ဓနုပါတီ နိုင်မယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော် နေရာမှာက ဓနုပါတီကလူ အဖြုတ်ခံထားရတော့ ကြံ့ခိုင်ရေးနဲ့ ပအိုဝ်းပဲရှိတယ်။ အဲနေရာ အတွက် ကတော့ မပြောတတ်ဘူး။ မကြိုက်ရင်တော့ အဲနေရာ အတွက် ပယ်မဲဖြစ်အောင်လုပ်ဖို့ပဲ ရှိတယ်” ဟု ၄င်းက ရှင်းပြသည်။

ကလောမြို့နယ် အတွင်း ဓနု၊ ပအိုဝ်း၊ ပလောင်၊ တောင်ရိုးနှင့် အခြား တိုင်းရင်းသားများ နေထိုင်ကြပြီး ၂၀၂၄ ခုနှစ် စာရင်းအရ လူဦးရေ ၁၇၄,၀၉၇ ဦးရှိသည့် အနက် ဓနု၊ ပအိုဝ်းနှင့် ဗမာ လူမျိုးတို့ အများဆုံး နေထိုင်သည်။

February 23, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် သီရိရပ်ကွက်မှ အသက် (၁၇)နှစ် အရွယ်ရှိ ကျောင်းသားတစ်ဉီးသည် (...
February 21, 2026
“သူတို့က နစ်နာကြေးဆိုပြီး ပိုက်ဆံသိန်း (၂၀) ကျပ် ပေးပြီး ကြေအေးခိုင်းတယ်။ သတင်းလည်း...
February 20, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို...
February 19, 2026
ကချင်ပြည်နယ်၊မိုးညှင်းမြို့ပေါ် နေရာအနှံ့မှာ မူးယစ်ဆေးဝါးတွေကို လွတ်လွတ်လပ်လပ်...