စစ်ကော်မရှင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကရင်နီပြည်တွင်းရှိ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်မယ်လို့ ကရင်နီပြည်လူငယ်အင်အားစု ပြော

စစ်ကော်မရှင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကရင်နီပြည်တွင်းရှိ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်မယ်လို့ ကရင်နီပြည်လူငယ်အင်အားစု ပြော

စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကရင်နီပြည်တွင်းရှိ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်မယ်လို့ ကရင်နီပြည် လူငယ်အင်အားစုရဲ့ ဘုံသဘောထားထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

ထုတ်ပြန်ချက်အတွင်း သတ်မှတ်ချက်တွေကို ချိုးဖောက်သူတွေမှာလည်း နောက်ဆက်တွဲ ပြစ်ဒဏ်တွေရှိမယ်လို့ ကရင်နီပြည်လူငယ်အင်အားစု ကိုယ်စားလှယ် ခွန်းသောမတ်စ် က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျနော်တို့ သတ်မှတ်ကြေညာပြီး‌နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေက ဘယ်လိုဖြစ်ဖြစ် ကျနော်တို့က ယုံကြည်တယ်။ ဒီလူတွေက တချိန်မှာ လူထုတွေရှေ့မှောက်မှာ ထိုက်သင့်တဲ့ ပြစ်ဒဏ်အလျောက် ချမှတ်ခံရမဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ကျနော်တို့ ဒါဖြစ်နိုင်ဖို့အတွက်လည်း အခုကတည်းက ပြင်ဆင်မှု ကျနော်တို့ လုပ်နေတာ ဖြစ်တယ်။ ကရင်နီ တမျိုးသားလုံးကို ဖောက်ပြန်တဲ့သူတွေတိုင်းတော့ ဒါကရင်နီ လူထု သတ်မှတ်ကြေညာတဲ့ ပြစ်ဒဏ်တွေကို ခံစားရမှာ ဖြစ်တယ်။”လို့ ခွန်းသောမတ်စ်က ပြောပါတယ်။

လက်ရှိနိုင်ငံရေးနဲ့ လာမယ့်အသွင်ကူးပြောင်းရေးကာလမှာ လူငယ်တွေရဲ့ ဘုံသဘောထားရပ်တည်ချက်တွေကို ဆွေးနွေးဖော်ထုတ်ဖို့၊ လူငယ်ဦးဆောင်မှုတွေကို မြင့်တင်ဖို့နဲ့ လူငယ်အချင်းချင်းကြားမှာ ရင်းနှီးမှု/ ယုံကြည်မှုတွေကို မြင့်တင်ဖို့အတွက် ကရင်နီပြည်လူငယ်ထု တွေ့ဆုံနှီးနှောဖလှယ်ပွဲကို ပြုလုပ်ခဲ့ကြတာပါ။

အဆိုပါ လူငယ်ထု တွေ့ဆုံနှီးနှောဖလှယ်ပွဲကိုတော့ ကရင်နီပြည်လူငယ်ထုကိုယ်စားလှယ်တွေကနေ ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ကနေ ၂၀ ရက်နေ့အထိ (၃)ရက်တာ ကရင်နီပြည်၊ မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။

လူငယ်ထု တွေ့ဆုံနှီးနှောဖလှယ်ပွဲမှာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကရင်နီပြည်တွင်းရှိ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ် ဘုံသဘောတူ သတ်မှတ်ထားတဲ့အပြင် ကရင်နီပြည် ပြည်နယ်တပ် တစ်တပ်တည်းဖြစ်ရေး၊ ကရင်နီပြည် အစိုးရတစ်ရပ်တည်း ဖြစ်ရေး၊ ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့ မဏ္ဍိုင်အသီးသီးမှာ လူငယ်တွေ ပါဝင်ဆုံးဖြတ်နိုင်ရေး နဲ့ စစ်ကော်မရှင်ကနေ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ကရင်နီပြည်လူငယ်ထုတွေအနေနဲ့ လုံးဝ ကန့်ကွက်ရှုံ့ချပြီး လူထုအားလုံးကနေ ရွေးကောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ကြဖို့ ကရင်နီပြည် လူငယ်ထုတွေကနေ သဘောတူသတ်မှတ်ထားကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ လူငယ်ထုတွေ့ဆုံနှီးနှောဖလှယ်ပွဲမှာတော့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ- KSCC လူငယ်ကိုယ်စားလှယ်၊ ကရင်နီပြည် လူငယ်ရေးရာကော်မတီကိုယ်စားလှယ်၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ လူငယ်ရေးရာဌာန- DoYA ကိုယ်စားလှယ်၊ ကရင်နီပြည်လူငယ်များသမဂ္ဂ- UKSY ကိုယ်စားလှယ်၊ ကျောင်းသားလူငယ်ကိုယ်စားလှယ်၊ အရပ်ဖက်လူငယ်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ကရင်နီပြည်မှာရှိတဲ့ ဌာနေတိုင်းရင်းသားလူမျိုးစုလူငယ် အသီးသီးတို့ကနေ ပါဝင်တက်ရောက်ခဲ့ပါတယ်။

အဆိုပါပွဲကို အမျိုးသား (၆၂)ဦး၊ အမျိုးသမီး (၄၄)ဦး နဲ့ LGBT (၂)ဦး၊ စုစုပေါင်း (၁၀၈)ဦး ပါဝင် တက်ရောက်ခဲ့တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုရဲ့ ဘုံထုတ်ပြန်ချက်အရ သိရပါတယ်။

ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတနေရာက အမျိုးသမီးတဦးကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်) )
June 24, 2026
ပဋိပက္ခအကျိုးဆက်ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီး (၄၂) ရာခိုင်နှုန်းမှာ ဝင်ငွေ လုံးဝမရှိကြဘဲ၊...
ဓါတ်ပုံ - สำนักงานประชาสัมพันธ์ จังหวัดแม่ฮ่องสอน ( မယ်ဟောင်ဆောင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံး)
June 23, 2026
ဒုက္ခသည်တို့ရဲ့ စီမံခန့်ခွဲမှုကို စောင့်ကြည့်လေ့လာဖို့အတွက် ထိုင်းနိုင်ငံ၊ မယ်‌ဟောင်ဆောင်ခရိုင်...
June 22, 2026
ဇွန် ၂၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၅၁) ကြိမ်မြှောက် ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်တွင်း၊ IEC ရဲ့...
June 20, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက တောင်ယာခင်းထဲ သွားလာကြတဲ့ တောင်သူတွေကို...