လားရှိုးမြို့တွင်ယာဉ်နှင့်အတူ မျောပါသွားသည့် ယာဉ်မောင်း ယနေ့ထိရှာမတွေ့သေး

လားရှိုးမြို့တွင်ယာဉ်နှင့်အတူ မျောပါသွားသည့် ယာဉ်မောင်း ယနေ့ထိရှာမတွေ့သေး
by -
ဆိုင် ဟွမ်
လားရှိုးမြို့တွင် မိုးသည်းရေကြီးမှုကြောင့် နမ့်လောင်းချောင်းထဲ ကားတစီးမျောပါသွား ၊ ကားဆရာပျောက်ဆုံးနေ Photo by Sai Tai Loi
လားရှိုးမြို့တွင် မိုးသည်းရေကြီးမှုကြောင့် နမ့်လောင်းချောင်းထဲ ကားတစီးမျောပါသွား ၊ ကားဆရာပျောက်ဆုံးနေ Photo by Sai Tai Loi

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၂ နမ့်လောင်းရေကြီးမှုကြောင့် ရေနှင့်မျောပါသွားသည့် ကားအတွင်းမှ ကားသမားအား ယနေ့မနက်အထိ အဖွဲ့အစည်းအသီးသီးမှ လားရှိုးလူငယ်များစုပေါင်းကာ ရှာဖွေမှုပြုနေသော်လည်းရှာမတွေ့သေးကြောင်းသိရသည်။

ဇူလိုင်လ ၂၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောင်းရေလျှံတက်ကာရေစီးသန်ချိန် ၁၂ ရပ်ကွက်သား စိုင်းငြိမ်းကျော်ဦးသည် တားမြစ်ထားသည့်ဧရိယာအတွင်းရှိ တံတားတခုအားဖြတ်မောင်းနှင်ရာ ချောင်းရေနှင့်အတူ လူရော ကားပါ မျောပါသွားကြောင်း ၊ ယနေ့အထိ ကူညီရှာဖွေရေး အဖွဲ့များက ရှာဖွေမှုပြုနေသော်လည်း ရှာမတွေ့သေးကြောင်းသိရှိရသည်။

“အဲ့နားကလူတွေတားနေတဲ့အကြားက သူကကားမှန်တံခါးတွေပိတ်ပြီးဖြတ်မောင်းတာ၊ တံတား အလွန်သူ့ကားစက်ရပ်သွားပေမယ့်မလွှတ်ဘူး။ ရေတအားသန်တော့ ကားရောလူပါရေနဲ့မျောပါသွားတယ်။ ရပ်ကွက် ၁၂ နယ်မြေ ၁၉ မန်ဆူသျှမ်းကျောင်း အနောက်ဘက် နမ့်လောင်းချောင်းတံတားကနေကျသွားတာ ။ သူ့ကားရေနဲ့မျောပါသွားတုန်းက သူ့မိန်းမဆီကိုသူ ဖုန်းဆက် သေး တယ်လို့တောင်ပြောတယ်။ သူ့ကားကိုတော့ရှာတွေ့ပြီ။ လူတော့မတွေ့သေးဘူး ”- ဟု လားရှိုးမြို့နေ နန်းဟွမ် က ပြောသည်။

ကားနှင့်အတူ မျောပါသွားသည့် ရပ်ကွက် ၁၂ သား အသက် ၃၀ ခန့်ရှိ စိုင်းငြိမ်းကျော်ဦး(ခ) ချိုချိုအား လားရှှိုးမြို့ရှိ Myanmar Rescue ၊ ကောင်းဆာ ပရဟိတအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဝေဠုကျော်ဖောင်ဒေးရှင်း အဖွဲ့များ အင်အား ရ ဖွဲ့ခန့်အပြင် စေတနာအလျောက်ပါ၀င်လာသည့် လားရှှိုးဒေသခံလူငယ်များ စုပေါင်းကာ ရှာဖွေမှုပြုလုပ်နေကြောင်း သိရသည်။

“ကားကတော့ မနေ့ကမနက်ဆယ်ထုတ်ပြီ။ လူကိုမတွေ့သေးဘူး။ မနေ့ကထက်ပိုများတယ်လူအင်အားက ။ မနေ့ကနေ့လည်ပိုင်း ဒီလောက်ရေမများဘူး။ မနေ့ညနဲ့ ဒီမနက် မိုးထပ်ရွာတော့ ရေထပ်ကြီးနေတယ်။ ကုန်းပိုင်းမှာရှိတဲ့ ရပ်ကွက် ၅၊ ၃၊ ၄၊ ၂၊ ၆၊ ရ ၊ ၈၊ ၁၂ တို့ဘက်ကနေ ရေတွေချောင်းထဲကိုစီးဝင်တာကြောင့်ရေတက်တာ။ ပုံမှန်ဆိုအဲ့ဒီချောင်းက ရေသိပ်မများဘူး။ မိုးရွာတော့ရေလျှံတက်တာ တံတားထက်ခြေသလုံးလောက်မြင့်နေတာရေက ။ ” – ဟု စေတနာအလျောက် ကူညီကယ်ဆယ်ရေးအဖွဲ့နှင့်အတူ လိုက်ပါရှာဖွေသော လားရှိုးဒေသခံ စိုင်းလွယ် က ပြောသည်။

ရေနှင့်အတူ မျောပါသူမှာ လက်ရှိတွင် ဇနီးနှင့် သမီး ၂ ဦးကျန်ရစ်ခဲ့ကြောင်းသိရသည်။ နမ့်လောင်းချောင်းသည် အထက်ပိုင်းမှစီးဆင်းလာကာ ၀မ့်လောင်းတွင် နမ့်သျှိုနှင့်ပေါင်းပြီး အေဒီတွင် နမ့်ယောဝ်ချောင်းအတွင်းစီးဝင်ကြောင်း၊ ထိုမှတဆင့် နမ္မတူမြစ်အတွင်းသို့စီးဝင်ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...