ဦးအောင်ကျော်လင်း(ခ)လောပန်းကိုယ်တော်မှ စစ်တွေမြို့ပေါ်ရှိသီလရှင်များသို့ ဆန်အိတ် ၃၂၀ နှင့်ငွေကြေးများလှူဒါန်း

ဦးအောင်ကျော်လင်း(ခ)လောပန်းကိုယ်တော်မှ စစ်တွေမြို့ပေါ်ရှိသီလရှင်များသို့ ဆန်အိတ် ၃၂၀ နှင့်ငွေကြေးများလှူဒါန်း
by -
စံမောင်သန်း

ဦးအောင်ကျော်လင်း (ခ) လောပန်းကိုယ်တော်မှ စစ်တွေမြို့ပေါ်ရှိ သီလရှင်အပါး ၃၂၀ အတွက် ဆန်အိတ် ၃၂၀ နှင့် တစ်ပါးစီကို ငွေတစ်သောင်းကျပ်စီ လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

ယင်းလှူဒါန်းခြင်းကို စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးရင်ပြင်၌ ယနေ့ ဇူလိုင် ၂၆ ရက် ၀ါဆိုလဆန်း ၁၄ ရက် နေ့လယ် ၁ နာရီတွင် အခမ်းအနားပြုလုပ်ပြီး လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“သီလရှင်တွေအနေနဲ့ ၀ါတွင်း ၃ လမှာ ဆွမ်းနဲ့ အခြားလိုအပ်တဲ့ဟာတွေမှာ အသုံးပြုနိုင်ဖို့၊ သီလ ဆောက်တည်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လှူဒါန်းရခြင်းဖြစ်ပါတယ်”ဟု လောပန်းကိုယ်တော် ကိုယ်စား လာရောက်လှူဒါန်းသူ တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဆန်အိတ် ၃၂၀ အပါအဝင် ဝတ္ထုငွေ လှူဒါန်းငွေ စုစုပေါင်းမှာ ၃၂ သိန်းကျပ်ဖြစ်ပြီး အခမ်းအနားသို့ ပင့်ဖိတ်ထားသည့် ဆရာတော် ၅ ပါးအားလည်း တစ်ပါးစီကို နဝကမ္မငွေ ၅ သိန်းကျပ်စီ လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပုသိမ်ကျောင်းတိုက်ဆရာတော်က “ အခုလိုလှူဒါန်းခြင်းဟာ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာနဲ့ ပဋိဝေဒ သာသနာဆိုတဲ့ သာသနာ ၃ ရပ် စည်ပင်ဖွံ့ဖြိုးဖို့အတွက် လှူဒါန်းခြင်း ဖြစ်တယ်။ ဒီလိုလှူဒါန်းမှုဟာ ဝမ်းသာစရာကောင်းပြီး စေတနာဟာလည်း ချီးမွန်း စရာကောင်းပါတယ်”ဟု သြဝါဒစကား မိန့်ကြားသည်။

လောပန်းကိုယ်တော်သည် ယခုအကြိမ် လှူဒါန်းခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး လွန်ခဲ့သည့်နှစ်ကလည်း သီလရှင်မများအား ဆွမ်းဆန်နှင့် ငွေကြေးများ လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဒီလိုလှူဒါန်းခြင်းဟာ သာသနာကို ချီးမြှင့်ရာရောက်ပါတယ်။ ဒီလှူဒါန်းတာတွေနဲ့ ၀ါတွင်း ၃ လမှာ ဆရာတော်တွေကို ဆွမ်းကပ်မယ်၊ ကိုယ်တိုင်လည်း အသုံးပြုမယ်။ သီလ ဆောက်တည်မှုတွေ ကိုလည်း ချောချောချူချူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အလှူအတန်းကိုလည်း ဆက်တိုက် ပြုလုပ်နိုင်ပါစေ။ အရိယာသူတော်ကောင်းဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်”ဟု ခေမာမဏ္ဍိုင်ကျောင်းမှ သီလရှင်မ တစ်ပါးက မိန့်ကြားသည်။

လောပန်းကိုယ်တော်သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိဘုရား၌ ကျောက်စိမ်း စေတီတစ်ဆူ၊ စစ်တွေမြို့ အာဂျိတ်တော်ကုန်း မီးသဂြိင်္ုဟ်စက် ဖြစ်မြောက်ရေး အတွက် ငွေကျပ် သိန်း ၃၀၀ မတည်ပေးခဲ့သည့်အပြင် အခြားအလှူအတန်းများကိုလည်း ပြုလုပ်ခဲ့သူ တစ်ယောက် ဖြစ်ကြောင်း သိရှိရသည်။

April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...
April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...