ရှမ်းပြည်မြောက်ပိုင်းတွင် အရပ်သားများ မိုင်းထိ၊ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းတွင် အရပ်သားများ မိုင်းထိ၊ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း တားမိုးညဲမြို့နယ်ခွဲ မုံးစီကျေးရွာအုပ်စု မန်ဂျယ်ကျေးရွာမှ ဒေသခံများ မှိုရှာထွက်ရာမှ မိုင်းနင်းမိကာ ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံတွင် သွားရောက်ကြည့်ရှု့ ကူညီလုပ်ကိုင်ပေးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“တောသွားတာ မှိုသွားရှာရင်းနဲ့ဖြစ်တာ မှိုသွားရှာတော့ သူတို့သွားတာက ၅ ယောက် သွားရင်းနဲ့ ၅ ယောက်က ဖြစ်တဲ့လူ ၃ ယောက်က အရှေ့မှာသွားတာ အရှေ့မှာသွားရင်းနဲ့ ဆုံးသွားတဲ့ အမျိုးသမီးက ရှေ့မှာတိုက်မိုင်းလို မျိုးပုံစံပေါ့ ကြိုးမိုင်းပေါ့ အဲကြိုးက မတွေ့ရဘူးလို့ပြောတယ် အဲကြိုးကိုသွားတိုက်မိလိုက်တာ အဲဒါနဲ့ သူကအောက်ပိုင်း ခြေထောက် ၂ ဖက်စလုံးပေါင်တွေဘာတွေအကုန်လုံး ဖြစ်ကုန်တာ”

မိုင်းနင်းမိသည့် အမျိုးသမီးမှာ ရွာမရောက်ခင် သေဆုံးသွားသည်ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

“အခုဆေးရုံရောက်နေတဲ့သူ ၂ ယောက်က ဒဏ်ရာနဲ့ မိုင်းစထိပြီးတော့ ဒဏ်ရာရသွားတာ ကျန်တဲ့ ၂ ယောက်၊ ၅ ယောက်သွားတယ်ဆိုတော့ ကျန်တဲ့ ၂ ယောက်က နီးစပ်တဲ့ ကောင်းလိမ်ရွာက ရွာသားတွေကို သွားခေါ် အကူအညီတောင်းပြီးမှ သူတို့ ၃ ယောက်ကို လာသယ်သွားတာ။”

ဒဏ်ရာရရှိသည့် လူနာများမှာ ဦးလဒွဲနှင့် ဒေါ်လထော်ဆိုင်းမိုင် တို့ဖြစ်ပြီး ဒေါ်လရှီးကော့နန်မှာ သေးဆုံးခဲ့သည်။ သေဆုံးသူ ဒေါ်လရှီးကော့နန်နဲ့ ဦးလဒွဲမှာ လင်မယားဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် လူနာများမှာ လားရှိုးပြည်သူ့ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦးစလုံး အား ခွဲစိတ်ကုသရမည်ဟု သိရသည်။

“ဒဏ်ရာကတော့ ပြင်းထန်တယ်ရှင့် ဦးလဒွဲကျတော့ ခြေမျက်စိရဲ့ အထက်နားလေးမှာ မိုင်းစဝင်သွားတာ ဝင်သွားတော့ အရိုး ၂ ချောင်းက ကျိုးသွားတယ်။ အဲဒါ မိုင်းစ ထုတ်ပြီးတော့ အရိုးကကျိုးသွားတော့ အဲဒါစတီးအစားထိုးလုပ်ရမယ်လို့ ပြောတယ်။ နောက်တစ်ယောက်က တော့ အမျိုးသမီး သူက ညာဖက်ပေါင်ခြမ်းမှာ မိုင်းစဝင်သွားတယ်လို့ ပြောတယ်။ သူက အဲဒါခွဲစိတ်ပြီးတော့ ထုတ်ရမယ် လို့ပြောတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီလအထိ မိုင်းကြောင့် ဒဏ်ရာရရှိသူ (၆၀၄) ဦးနဲ့ သေဆုံးသူ (၉၅) ဦးရှိခဲ့သည့်အနက် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွင် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအများဆုံး ဖြစ်ခဲ့ကြောင်း ရှမ်းပြည်နယ် အစိုးရက ပြောဆိုထားသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...