လမ်းသစ်ကို တပ်မှခြံစည်းရိုးကာသဖြင့် ဒေသခံပြည်သူများသွားလာရေး အခက်အခဲရှိ

လမ်းသစ်ကို တပ်မှခြံစည်းရိုးကာသဖြင့် ဒေသခံပြည်သူများသွားလာရေး အခက်အခဲရှိ
by -
မာန်ယုကျော် (ရွှေဝမြေ)
ဓာတ်ပုံ - တောင်ကျော်လမ်းအား ခမရ ၃၈ဝ တပ်ရင်းက ခြံစည်းရိုးထိုးနေသည်ကိုတွေ့ရစဉ်။
ဓာတ်ပုံ - တောင်ကျော်လမ်းအား ခမရ ၃၈ဝ တပ်ရင်းက ခြံစည်းရိုးထိုးနေသည်ကိုတွေ့ရစဉ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ဆင်ကြီးပြင်အကြား လွန်ခဲ့သည့်နှစ်က အသစ် ဖောက်လုပ်ခဲ့သည့် တောင်ကျော်လမ်းအား ခမရ ၃၈ဝ တပ်ရင်းက ခြံစည်းရိုးကာရန်ရာမှ ဒေသခံပြည်သူများ သွားလာရေး အခက်အခဲရှိနေသဖြင့် ညှိနိုင်းမှုများ ဆောင်ရွက်မှုများ ပြုလုပ်နေရကြောင်း မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“ ဒီလမ်းက လမ်းသစ်ဖြစ်ပါတယ်။ ဒီလမ်းသစ်ကို လွန်ခဲ့တဲ့နှစ်က အလှူရှင် တစ်ဦးကနေ သိန်း ၆၀ အကုန်အကျခံပြီး ပြုပြင် ဖောက်လုပ်ထားတာပါ။ ဒီနှစ်မှာ တပ်က သူ့နယ်မြေတွေကို ခြံစည်း ရိုးကာတော့ အဲဒီလမ်းက တပ်နယ်မြေထဲပါသွားတယ်။ အခု လူတွေက သွားလာရေး အခက်အခဲ ရှိနေတဲ့ အတွက် ညှိနိုင်းဆောင်ရွက်မှုတွေ လုပ်နေရပါတယ်” ဟု သူက ပြောသည်။

ယခုလမ်းမှာ တပ်မြေထဲတွင် ပါ/မပါကို မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခမရ ၃၈၀ မှ တာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်နှင့် ဆင်ကြီးပြင်ကျေးရွာသားများမှ ဇူလိုင် ၂၁ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြသည်ဟု ဆိုသည်။

“ မြေပုံကိုထောက်ပြီး တိုင်းတာတဲ့အခါ တပ်မြေထဲမှာ လမ်းက ပါနေသလို အနေအထား ရှိနေပါတယ်။ ဒါပေမယ့် သေချာအောင် မြို့နယ်မြေစာရင်းကို တင်ပြီး သေချာစိစစ်ပြီးမှ ခြံစည်းရိုးကို ဆက်လက် ကာရန်သွားဖို့ သဘောတူထားပါတယ်။ အကယ်၍ ဒီလမ်း ပါသွားရင်လည်း ဒီခြံစည်းရိုးကို ရှောင်ကွင်းပြီး လမ်းသစ်တစ်ခုဖောက်လုပ်ရန် တပ်နှင့် ဒေသခံများ သဘောတူခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါလမ်းသစ်တစ်ခုဖောက်လုပ်ရာတွင် မြို့နယ်ထွေအုပ်မှ ဘတ်ဖိုးကိုအသုံးပြုပြီး ကုန်ကျမည့် လောင်စာ ဆီကို တပ်က ကျခံပေးရန်သဘောတူခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

"ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ကိုတာဝန်ပေးခဲ့တယ်။ သူတို့က မကြာခင် လုပ်ဖို့ အစီအစဉ်တော့ ဆွဲနေကြပါတယ် "ဟု ဦးလှသိန်းအောင်က ပြောသည်။

တပ်ခြံစည်းရိုးထိုးရာတွင်ပါဝင်သွားသည့်တောင်ကျော်လမ်းမှာ ကျိန်းတောင် တစ်ဘက်ရှိ ဆင်ကြီးပြင်ကျေးရွာ၊ ပန်ဇင်းမော်ကျေးရွာနှင့် တောင်ပေါက်ကြီး ကျေးရွာအုပ်စုတို့မှ ကျေးရွာ ၁ဝ ကျော် သွားလာနေရသည့်တောင်ကျော်လမ်းဖြစ်သည်။ ခမရ ၃၈၀ ကို တည်ဆောက် ပြီးနောက် ညဉ့်အချိန် ကျိန်းတောင်ပတ်လမ်းအတိုင်း စစ်တပ်ရှေ့မှ လူများ ဖြတ်သန်းသွားခွင့် မရှိသဖြင့် ယခုလမ်းသစ်ကို အလှူရှင်တစ်ဦးမှ သိန်း ၆၀ အကုန်အကျခံကာ ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောကြားသည်။

"အခုဖောက်လုပ်မယ့်လမ်းကို နေ့ရော၊ ညရော လွယ်လွယ်ကူကူနဲ့သွားလာလို့ရအောင် အကောင်း ဖြစ်စေချင်ပါတယ်။ မဟုတ်ရင် ဒေသခံ ပြည်သူတွေ အရမ်းအခက်အခဲ တွေ့နိုင်ပါတယ်" ဟု ဆင်ကြီးပြင် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ကျိန်းတောင်တန်းမှာ သမိုင်းဝင်သာသနိက မြေဖြစ်သော်လည်း ယခုအခါ ခမရ ၃၈၀ က တောင်အနောက်ဘက်ခြမ်း သုံးပုံနှစ်ပုံကို တပ်မြေအဖြစ် သိမ်းထားပြီး ပုဂ္ဂလိက တစ်ချို့ကလည်း ဦးပိုင်ဖောက်ကာ ၎င်းတို့၏ ပိုင်မြေ အဖြစ် ပြုလုပ်မှုများရှိနေကြောင်း ဦးလှသိန်းအောင်က ပြောကြားသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...