၇ လအတွင်း ရွှေ့ပြောင်းအလုပ်သမား ၆၀၀ ခန့်အား တာချီလိတ်သို့ ထိုင်းအစိုးရပြန်ပို့

၇ လအတွင်း ရွှေ့ပြောင်းအလုပ်သမား ၆၀၀ ခန့်အား တာချီလိတ်သို့ ထိုင်းအစိုးရပြန်ပို့
ဇူလိုင်လ ၁၇ ရက်နေ့က တာချီလိတ်-မယ်ဆိုင်နယ်စပ်သို့ အဖမ်းခံရ ရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးအားထိုင်းရဲများ ထပ်မံပို့ဆောင်၊ မြန်မာအာဏာပိုင်များလက်ထဲပေးအပ်
ဇူလိုင်လ ၁၇ ရက်နေ့က တာချီလိတ်-မယ်ဆိုင်နယ်စပ်သို့ အဖမ်းခံရ ရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးအားထိုင်းရဲများ ထပ်မံပို့ဆောင်၊ မြန်မာအာဏာပိုင်များလက်ထဲပေးအပ်

ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေ နှင့် မကိုက်ညီသည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၆၀၀ ခန့် အား ထိုင်းအစိုးရက ဖမ်းဆီးကာ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင်တံတားမှ တဆင့် မြန်မာအစိုးရထံ ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ၇ လတာကာလအတွင်း ဖမ်းဆီးခံရသည့် ရွှေ့ပြောင်း အလုပ်သမားများအနက် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ် ၂ မှတဆင့် မြန်မာအာဏာ ပိုင်များထံ တရားဝင်ပြန်လည် လွှဲအပ်ခံရသော အလုပ်သမား ၆၀၀ ရှိပြီဖြစ်ကြောင်း (ကျား ၃၉၉ နှင့် မ ၂၀၁ ဦး) ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့အပတ်က ဇူလိုင်လ ၁၇ ရက်နေ့က ကားတစီးစာ ၁၄ ယောက် ထိုင်းရဲတွေ ထပ်လာပို့တယ်။ အဝင်လည်းနေ့တိုင်းတွေ့ရတယ်။ တချို့လည်းအလည်၊ တချို့လည်းဆေးကု၊ တချို့လည်း အလုပ်လုပ် ဖို့ပေါ့နော်။ အစက တင်းကျပ်စစ်ဆေးမယ်လို့ထိုင်းအစိုးရ ကြေငြာတော့ ၀င်တဲ့သူနဲနဲပါးမယ်။ ဒါမယ့် ဒီ ဂူတွင်းပိတ်မိတဲ့ကလေးတွေကိစ္စကြောင့် အာဏာပိုင်တွေက ဒီဘက်ကိုအာရုံစိုက်မှုနဲနဲပါးသွားတယ်လို့ထင် တာဘဲ။ မဟုတ်ရင်တော့ မယ်ဆိုင်ဘက်ခြမ်းစျေးဝယ်ဖို့တောင် သွားရဲကြမှာမဟုတ်ဘူး။ ဒါမယ့်တခြားနေရာ ကဖမ်းလာပြီး နယ်စပ်ကိုလာပို့တာတော့ မကြာမကြာတွေ့နေရတုန်းပါဘဲ” – ဟု မယ်ဆိုင်ဘက်ခြမ်း စျေးအတွင်း အသုံးအဆောင်ပစ္စည်းရောင်းနေသော စျေးသည်နန်းဆိုင် ကပြောသည်။

ထိုင်းရဲများဖမ်းဆီးကာနယ်စပ်ပြန်ပို့ခံရသည့် သျှမ်းပြည်သား ရွှေ့ပြောင်းအလုပ်သမားများအား တာချီလိတ်မြို့ ဘက်ခြမ်းရှိ မြန်မာအာဏာပိုင်များက နေရပ်ပြန်ပို့ပေးမည်ဟု ပြောဆိုကြောင်း ထိုင်းသတင်းဌာနများ တွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်းရောက်ရှိအလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့် လက်မှတ်မရှိခြင်း၊ လက်မှတ်အတွင်းပါရှိသည့် လိပ်စာနှင့် လက်ရှိအလုပ်လုပ်ကိုင်နေသောနေရာ မညီညွတ်ခြင်း၊ ပတ်စပို့ သက်တမ်းကုန်ဆုံးခြင်း၊ ဗီဇာ သက်တမ်းကုန်ဆုံးခြင်း၊ ရက် ၉၀ သတင်းမပို့ခြင်း – စသည့်အလုပ်သမားများ စစ်ဆေးတွေ့ရှိပါက ဖမ်းဆီး အရေးယူခြင်းခံရမည်။

ဖမ်းဆီးခံရသည့် မြန်မာရွွှေ့ပြောင်းအလုပ်သမားများအား တာချီလိတ်-မယ်ဆိုင်ဂိတ် ချစ်ကြည်ရေးတံတား၊ မြဝတီ-မဲဆောက်ဂိတ်ချစ်ကြည်ရေးတံတားများ မှ တဆင့် မြန်မာအစိုးရထံ ပြန်လှယ်လွှဲအပ်ခြင်းရမည်။

ရွှေ့ပြောင်းအလုပ်သမားများအား စီမံကိန်းကာလ ၃ ခုဖြင့် အတင်းအကြပ်စစ်ဆေးဖမ်းဆီးသွားမည်ဟု ထိုင်းအစိုးရ အလုပ်သမားရေးရာဌာနက ပြီးခဲ့သည့်ဇွန်လဆန်းက ကြေငြာခဲ့ဖူးသည်။ ဇူလိုင်လ ၁ ရက်မှ ၁၅ ရက်နေ့အထိတကြိမ်၊ သြဂတ်စ်လ ၁ ရက်မှ ၁၅ ရက်နေ့အထိတကြိမ်၊ စက်တင်ဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိတကြိမ် စစ်ဆေးဖမ်းဆီးသွားမည်ဖြစ်ကြောင်းကြေငြာထားသည်။

"ထိုင်းနိုင်ငံမှာအလုပ်လာလုပ်တယ်ဆိုတော့ အဖမ်းမခံရအောင် ထိုင်းအစိုးရကထုတ်ပြန်ထားတဲ့ စည်းကမ်း အတိုင်းတော့လုပ်ရမှာပေါ့နော်။ ဒီ ၂ လ ၃ လ အတွင်းမှာ ထိုင်းအာဏာပိုင်တွေကနေ ဆက်တိုက်စစ်ဆေး သွားမယ် လို့ထုတ်ပြန်ထားတဲ့အတွက် သတိထားနေထိုင်သင့်ပါတယ် ၊ အလုပ်သမားဥပဒေ မချိုးဖေါက် မိအောင်လဲ ဆင်ခြင်သင့်တယ် "– ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအား အကူအညီပေးနေသည့် HRDF အဖွဲ့မှ အလုပ်သမား ဥပဒေပိုင်းဆိုင်ရာ ဆရာစိုင်းပိန်း ကပြောသည်။

ထိုင်းနိုင်ငံအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာဌာနတို့ ထုတ်ပြန်သော သတင်းအရ ဇူလိုင်လ ၁ ရက်မှ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံပူးပေါင်းအာဏာပိုင်များက အလုပ်ရှင် ၁၆၂၃ ဦး၏ လုပ်ငန်းခွင်များအား စစ်ဆေးရာတွင် တရားဝင်မဟုတ်သောအလုပ်ရှင် ၁၅၆ ဦးအားဖမ်းဆီးရမိပြီး အလုပ်သမားဦးရေ ၃ သောင်း ကျော်အနက် တရားဝင်မဟုတ်သောအလုပ်သမား ၈၁၆ ဦးအားဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ပါသည်။ ထိုအနက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားမှာအများဆုံးဖြစ်ကြောင်းဖော်ပြထားသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...