ရှမ်း/မြောက် စစ်ရှောင်များအား SSJAC မှကူညီထောက်ပံ့မှုများပေး

ရှမ်း/မြောက် စစ်ရှောင်များအား SSJAC မှကူညီထောက်ပံ့မှုများပေး

ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းဖြစ်ပွါးခဲ့သော  အစိုးရတပ်မတော်၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားတိုက်ပွဲများကြောင့် ဒေသ ခံများ နေရပ်မှ စွန့်ခွါကာ နီးစပ်ရာဘုန်ကြီးကျောင်းများအသီးသီးသို့  စစ်ဘေးရှောင်နေရသည့်အပေါ် SSJAC မှ ကျပ်သိန်း ၂၀၀ ခန့်တန်ဖိုးရှိသည့် ဆန်၊ဆီ၊ဆား ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

နမ္မတူမြို့နယ် မန်စံကျောင်းဟောင်ဘုန်းကြီးကျောင်း၊ သီပေါမြို့နယ် မိုးတေဘုန်းကြီးကျောင်းနှင့် အောင်မင်္ဂလာ ဘိုးတော်ကျောင်းတို့ရှိ စစ်ဘေးရှောင်များအား SSJAC က ဇူလိုင်လ ၁၈ နှင့် ၁၉ ရက် တို့တွင် ကူညီထောက်ပံ့မှု များပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးခရိုင် အမျိုးသားလွှတ်တော် ကိုယ် စားလှယ်စိုင်းဝမ်းလျန်းခမ်း ကပြောသည်။

“SSJAC ကိုယ်စားလှယ်အဖြစ် ကျနော် တို့   ၁၂ ယောက်   ကူညီထောက်ပံ့မှုပစ္စည်းတွေသွားပေးတာဖြစ်ပါတယ်။ သီပေါမြို့နဲ့ နမ့်တူမြို့ကစစ်ဘေးရှောင်တွေကို ဆန်နဲ့ရိက္ခာပစ္စည်းတွေကို စစ်ဘေးရှောင်ကော်မတီလက်ထဲကိုအပ်ထားတယ်။  နောက်ပြီးတော့ ငွေသားကျပ်သိန်းပေါင်း ၇၀ ကျော်ကိုလည်း  စစ်ရှောင်ကော်မတီလက်ထဲကိုအသီးသီး ပေးအပ်ထားတယ်။ စစ်ရှောင်တွေရောက်လာရင် သုံးနိုင်အောင်လို့ပါ”– ဟု စိုင်းဝမ်းလျန်းခမ်းက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့ မန်စံကျောင်းတိုက်ရှိ စစ်ဘေးရှောင် ၆၀၀ ဝန်းကျင်အား ကျပ်ငွေသိန်း ၇၀ နှင့် ဆန် ၂၀ အိတ်ကိုလည်းကောင်း၊ ၁၉ ရက်နေ့က သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်ရှိ စစ်ဘေး ရှောင် ၁၀၀ ကျော်အား ဆန် ၅ အိတ်နှင့် ငွေကျပ် ၅ သိန်းကိုလည်းကောင်း၊ မိုးတေ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ၅၀၀ ကျော်အား ဆန် ၁၀ အိတ်နှင့် ငွေကြေးကျပ် ၁၀ သိန်းကိုလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြကြောင်း ၊ ထို့အပြင် နမ္မတူမြို့ ဝမ်လီကျောင်းတိုက်ရှိ စစ်ဘေးရှောင် ၆၅၀ ကျော်အတွက်  ငွေကြေး ကျပ် ၃ သိန်းနှင့် ဆန် ၁၀ အိတ် ကူညီထောက်ပံ့မှုပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပစ်ခတ်တိုက်ခိုက်မှုအသံငြိမ်သွားပြီဖြစ်သဖြင့် မန်စံဘုန်းကြီးကျောင်း၊ အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းတို့မှ စစ်ဘေးရှောင်များ    နေရပ်သို့အသီးသီးပြန်သွားကြပြီဖြစ်ကြောင်း မိုးတေကျောင်း တွင်သာအနည်းငယ်သာ ကျန်ရှိနေကြကြောင်း သီပေါမြို့ခံ စိုင်းစိုင်းကပြောသည်။

ယမန်နေ့က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအသီးသီးတိမ်းရှောင်သွားကြပြီးနောက် အစိုးရတပ်မှစစ်ကြောင်းများ မန်စံအုပ်စုအတွင်း ဝင်ရောက်ခိုလှုံနားခိုကြသဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွါးမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း သိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...