ရေကြီးစဉ်က ထိခိုက်ခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ၁၈ ရွာအတွက် ဆန်နှင့်အိမ်အသုံးအဆောင်ပစ္စည်းများထောက်ပံ့

ရေကြီးစဉ်က ထိခိုက်ခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ၁၈ ရွာအတွက် ဆန်နှင့်အိမ်အသုံးအဆောင်ပစ္စည်းများထောက်ပံ့
by -
မာန်ယုကျော် (ရွှေဝမြေ)

ပြီးခဲ့သည့် ဇွန်လအတွင်းက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး၍ နေအိမ်များပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ၁၈ ရွာအတွက် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက ဆန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျေးရွာ ၁၈ ရွာမှ အုပ်ချုပ်ရေးမှူးများအားခေါ်ယူ၍ ဇူလိုင်လ ၁၈ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

"ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ကျနော်တို့ အတတ်နိုင်ဆုံး အစွမ်းရှိသမျှ ကူညီ ကယ်ဆယ်စောင့်ရှောက်မယ်ဆိုတဲ့သဘောနဲ့ အစွမ်းရှိသမျှ ကျနော်တို့ ထောက်ပံ့ ကူညီရတာ ဖြစ်ပါတယ်"ဟု ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဦးစီးမှူး ဦးရဲမင်းဦးက ပြောသည်။

ရေကြီး၍ ပျက်စီးခဲ့ရသည့် ကျေးရွာ ၁၈ ရွာမှ နေအိမ် ရဝဝ ကျော်အတွက် ကျပ်သိန်း ၄ဝဝ ကျော်တန်ဖိုးရှိသည့် ဆန်အပါအဝင် အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ခြင်းလည်းဖြစ်သည်။

"ရေဘေးဒုက္ခကြောင့် အခက်အခဲဖြစ်နေရတဲ့ ကျနော့်ရွာကို ဒီလို နိုင်ငံတော်ကသော်လည်းကောင်း၊ တခြားအဖွဲ့အစည်းကသော်လည်းကောင်း အခုလိုထောက်ပံ့ကူညီပေးတာကို အရမ်း ကျေးဇူး တင်ပါတယ်" ဟု ပုဏ္ဏားကျွန်းမြို့နယ် သြရမကျေးရွာမှ ဦးသန်းဇော်က ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ၁၈ ရွာအပါအဝင် ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့တွင် ဇွန်လ ၆ ရက်နေ့မှ ၁၄ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လူအသေအပျောက်နှင့် နေအိမ်များ၊ ကားလမ်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများ ပျက်စီးခဲ့ရသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...