အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နှင့် KIO တွေ့ဆုံမည်

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နှင့် KIO တွေ့ဆုံမည်

အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၀ ရက်နေ့တွင် တွေ့ဆုံမည်ဟု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနဲ့ နီးစပ်သူ တစ်ဦးက ပြောသည်။

KIO နှင့်သာမက အစိုုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA လည်း တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

“ကျွန်တော် သိရသလောက်ဆိုလို့ရှိရင်တော့ မနက်ဖြန်[ဇူလိုင်လ ၂၀ ရက်နေ့]တွေ့မှာပေါ့။ မနက်ဖြန်တွေ့မယ်လို့ ပြောပါတယ်။ နှစ်ဖွဲ့ စလုံး မနက်ဖြန်မှာပဲ။ ချင်းမိုင်မှာပဲ ဒါပေမယ့် သူတို့ဘယ်မှာတွေ့မယ် ဆိုတာကတော့ မသိရသေးဘူးခင်ဗျ။”

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို ဖြေလျှော့နိုင်ရန် အဓိကထား ဆွေးနွေးသွားမည့် အနေအထားတွင်ရှိသည်ဟု အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် နီးစပ်သူက ဆက်ပြောသည်။

“သူတို့ ပစ်တာခတ်တာတွေ မရှိစေချင်တော့ဘူးပေါ့ဗျာ။ အဲဒါကတော့ သေချာပါတယ်။ ဒါပေမယ့် အခုကြည့် နေလို့ရှိရင်တော့ RCSS နဲ့ ခဏခဏတိုက် နောက်ပြီးတော့ KIA နဲ့ကလည်း တိုက်တာတွေက ပြန်ဖြစ်လာတယ်။ အဲဒါတွေကြောင့်မို့လို့ ဒါတွေက သူတို့ဆွေးနွေးကြမယ် အဲဒါတွေတော့ မှန်းဆလို့ရတာပေါ့။”

အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC ဖက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ဇော်ဦး ဦးဆောင်ကာ လာရောက်ဆွေးနွေးမည်ဟု ပြောသည်။

“အတွင်းရေးမှူးက ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးပေါ့။ သူဦးဆောင်လာမယ်လို့ကြားပါတယ်။ သူနဲ့အတူပါလာမှာက တော့ ဒု စရဖမှူး ဗိုလ်ချုပ်သန်းထွဋ်သိန်းပါမယ်။ နာမည်မမှားရင်ပေါ့နော။ ဦးဇော်ဌေးပါမယ်။ နောက်ပြီး ဦးလှ မောင်ရွှေပါမယ်။ အဲလိုကြားရပါတယ်။ ဒါပေမယ့် အတည်ပြုနိုင်မှာကတော့ သူတို့ရောက်မှပဲ အတည်ပြုနိုင်မယ်။”

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အနေဖြင့် ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တွေ့ဆုံဆွေးနွေးမည်ဟု သိရပြီး KIO ဖက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တက်ရောက်ဆွေးနွေးမည်ဟု သိရသည်။

ညနေပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA နှင့် တွေ့ဆုံဆွေးမည်ဟု သိရပြီး RCSS/SSA ဖက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် တက်ရောက်ဆွေးနွေးမည်ဟု အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

Most read this week

September 14, 2026
ကချင်ပြည်၊ ရွှေကူနှင့် ဗန်းမော်မြို့နယ်အတွင်း သို့ စစ်တပ်က စစ်အင်အားဖြည့်တင်းမှုများနှင့်...
September 14, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင် ပါဝင်သည့် တိုင်းရင်းသား...
ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...