၂၁ ရာစုပင်လုံညီလာခံကာလ ရှမ်းဒေသခံအပေါ် တပ်မတော်မှ ဆက်တိုက်လူ့အခွင့်အရေးချိုးဖောက်နေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်စွပ်စွဲ

၂၁ ရာစုပင်လုံညီလာခံကာလ ရှမ်းဒေသခံအပေါ် တပ်မတော်မှ ဆက်တိုက်လူ့အခွင့်အရေးချိုးဖောက်နေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်စွပ်စွဲ
by -
နန်းဆိုင်နွမ်
(သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင် website)
(သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင် website)

၂၁ ရာစု တတိယအကြိမ်ပင်လုံညီလာခံသည် နိုင်ငံတကာအား ငြိမ်းချမ်းရေးဖော်ဆောင်မှုပြုနေ သည်ဟုပြသနေပြီး တိုင်းရင်းသားဒေသတွင်မူ လူ့အခွင့်အရေးချိုးဖောက်မှု တပ်မတော်ကပြုလုပ်နေသည် ဟု ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က ပြောဆိုလိုက်သည်။

ရှမ်း(သျှမ်း)ပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း မြန်မာ့တပ်မတော် နှင့် ပြည်သူ့စစ် တပ်ဖွဲ့ ပူးပေါင်းအဖွဲ့က မူးဆေး ကျေးရွာ ရွာသူကြီးတဦး နှင့် ဒေသခံတဦး အား ရိုက်နှက်မှု ပြုလုပ်ပြီး၊ ဒေသခံရွာသားများ နေအိမ် အတွင်း ဝင်ရောက် မွှေနှောက်စစ်ဆေးခဲ့သည့်ဖြစ်ရပ်အပေါ် သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် မှ  ယမန်နေ့ ဇူလိုင် ၁၉ ရက်စွဲဖြင့် ကြေငြာချက်တစောင်ထုတ်ပြန်ကာ ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။

လွိုင်လင်ခရိုင် နောင်လိုင်ကျေးရွာအုပ်စု မူးဆေး ကျေးရွာတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကယားပြည်နယ် ကောင်ဆိုင်း ခြေမြန်တပ်ရင်း (၄၃၀) တပ်နှင့် ပြည်သူ့စစ်တို့ စခန်းချနေခဲ့ပြီး ဒေသခံ များကို RCSS/SSA နှင့် အဆက်အသွယ် ရှိသည် ဟု ဇွန်လ ၂၆ နှင့် ၂၇ ရက်နေ့က စွပ်စွဲကာ ရွာသူကြီး နှင့် ဒေသခံ အမျိုးသား တဦး အား ရိုက်နှက်မှုပြုခဲ့ကြောင်း၊ တခြားသော ဒေသခံ များ၏ နေအိမ်များကို လည်း ဝင်ရောက်ကာ မွှေနှောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေး မဏ္ဍိုင်၏ အစီရင်ခံစာတွင် ရေးသားထားသည်။

သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောခွင့်ရ စိုင်းဟော်ရှဲန်က “ ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ လက်မှတ် ထိုးပြီးတဲ့ အဖွဲ့တွေကို ရန်သူလိုသတ်မှတ်ခြင်းနဲ့ အဲ့ဒီလက်နက်ကိုင်အဖွဲ့တွေ ကူညီနေတယ်ဆိုတဲ့ စွဲဆိုချက်တွေကို ပြည်သူလူထုကို ဒုက္ခပေးနေတာမလုပ်သင့်ဘူး” ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လွိုင်လင်ခရိုင် မူးဆေး ကျေးရွာ သူကြီး နှင့် ဒေသခံများကို RCSS/SSA နှင့် အဆက်အသွယ် ပြုသည် ဟု စွပ်စွဲပြီး နှိပ်စက်သည့် အပေါ် တိုင်းရင်းသားလက်နက်ကိုင်တပ််ဖွဲ့နှင့် မြန်မာတပ်မတော် တို့အကြားယုံကြည်မှု တည်ဆောက်ခြင်းကို ထိခိုက်စေကြောင်း၊ ပြည်သူများကို ပစ်မှတ်ထား အပြစ်ရှာ ခြင်း မပြုသင့်ကြောင်း လည်း စိုင်းဟော်ရှဲန် က ပြောသည်။

“ ဒီ ၂၁ ရာစု တတိယကြိမ် ပင်လုံညီလာခံမတိုင်ခင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေပြင်းထန်ခဲ့ပါတယ်။ တစ်ဖက်ကနိုင်ငံတကာကို ငြိမ်းချမ်းရေးဖော်ဆောင်နေတယ်ဆိုတာကိုပြပြီး တဖက်ကပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတုန်းပဲ။ ဒီဆုံးရှှုံးသွားတဲ့ ပြည်သူလူထုဥစ္စာပစ္စည်းတွေ ညှင်းပမ်းနှိပ်စက်ခံရတဲ့ ပြည်သူလူထုတွေကို စပ်တပ်နဲ့အစိုးရအဖွဲ့တွေက တာဝန်ယူရပါမယ် ” ဟု စိုင်းဟော်ရှဲန် က ဆိုသည်။

မြန်မာ့တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့သည် မူးဆေး ရွာသူကြီးကို သေနတ်ဒင်ဖြင့် ဘယ်ဘက်နားထင် ၁ ချက်၊ ဘယ် ဘက် မျက်စိ ၁ ချက်၊ ပါးစပ် ၁ ချက်၊ ငယ်ထိပ်ကို ၂ ချက် ၊ ရင်ဘတ်ကိုလည်း သေနတ်ဖြင့် ရိုက်နှက်် မှုကြောင့် လက်ရှိမှာ ရွာသူကြီး ကျန်းမာရေး အခြေအနေ စိုးရိမ်နေရသည် ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် မူးဆေး ကျေးရွာ မှ ဒေသခံအမျိုးသား တဦးကိုလည်း ဘယ်ဘက်နားထင်ကို ၃ ချက်တိတိ ပြင်းပြင်း ထန်ထန် ရိုက်ပြီး ခန္ဓာကိုယ်အနှံ့ ခြေထောက် ဖြင့် ဝိုင်းကန်ခဲ့ကြကြောင်း သိရသည်။

ဇူလိုင်လ ၉ ရက်နေ့ ၂၁ ရာစု တတိယကြိမ်မြောက်ပင်လုံညီလာခံ ငြိမ်းချမ်းရေးဆွေး နွေးပွဲ မတိုင်ခင် ၂ ရက်အလိုတွင် မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု အတွင်း RCSS/SSA နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားကာ ဒေသခံ တထောင်ကျော် နေရပ်မှ ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

RCSS/SSA သည် ၂၀၁၅ခုနစ် အောက်တိုဘာ လ တွင် နိုင်ငံတော် အဆင့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် NCA ငြိမ်းချမ်းရေး လက်မှတ်ထိုးထားပြီးဖြစ် သော အဖွဲ့အစည်းဖြစ် သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...