တိုင်းရင်းသားစာပေသင်ကြားမှု ထိရောက်မှု မရှိသေး

တိုင်းရင်းသားစာပေသင်ကြားမှု ထိရောက်မှု မရှိသေး

တိုင်းရင်းသား စာပေကို ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားခွင့်ရသဖြင့် ထိရောက်မှု မရှိသေးကြောင်း မွန်ပြည်နယ်ရှိ တိုင်းရင်းသားစာပေသင်ကြားမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများ က ပြောသည်။

တိုင်းရင်းသားစာသင်ကြားမှုကို ကျောင်းချိန်ပြင်ပတွင် သင်ကြားနေရသ၍ ထိရောက်မှုရှိမှာမဟုတ်ကြောင်း ကျောင်းချိန်အတွင်း ထည့်သွင်းသင်ကြားနိုင်မှသာ ထိရောက်နိုင်မည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင် တိုုင်းရင်းသား ရေးရာ ဝန်ကြီး စောအောင်ခိုင်က ပြောသည်။

“လက်ရှိအခြေအနေကတော့ ဟိုမရောက် ဒီမရောက်အချိန်ကာလ ထိရောက်မှုမရှိဘူးဆိုတဲ့အပိုင်းက မှန်ပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ သွားချင်ပုံစံက ဒီပုံစံမျိုးမဟုတ်သေးဘူးလေ။ အခုဟာက သွားခွင့်ရတဲ့ အခြေအနေတစ်ခုကိုပဲ တိုင်းရင်းသားစာပေတွေကို ကျောင်းတွေမှာ သင်ကြားခွင့်ရတယ် ဆိုတဲ့အခြေအနေ တစ်ခုကိုပဲ တက်လှမ်းနိုင်တယ် ဆိုတဲ့အခါကျတော့ ထိရောက်မှုကတော့ အပြည့်အဝမရှိဘူး သေချာတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်ခိုင်က ပြောသည်။

မွန်ပြည်နယ်တွင် မွန်၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေကို အစိုးရစာသင်ကျောင်းများ၏ ကျောင်းချိန်ပြင်ပတွင် သင်ကြားလျှက်ရှိသည်။

တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူတို့၏ ကြပ်မတ်ဆောင်ရွက်ပေးမှု အားနည်းနေသည့် အနေအထားများကြောင့် ထင်သလောက် ထိရောက်မှုမရှိ ဟုု မွန်စာပေသင်ကြားမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူ ချောင်းဆုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

“အမျိုးသားပညာရေးဥပဒေထဲမှာလဲ တိုင်းရင်းသားစာပေသင်ကြားရေးက ပြည်နယ်အဆင့်အစိုးရအဖွဲ့တွေရဲ့ စီမံခန့်ခွဲမှုနဲ့ ဆောင်ရွက်သွားဖို့ ပြဌာန်းချက်ပါတယ်၊ ကျွန်တော့် အမြင်ပြောရရင် တာဝန်အရှိဆုံးက ပြည်နယ် အစိုးရအဖွဲ့ဘဲ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အစိုးရစာသင်ကျောင်းအတွင်း တိုင်းရင်းသားစာပေသင်ကြားခြင်းကို ယခင်အစိုးရလက်ထက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်အကောင်အထည်ဖော်ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှသာ တိုင်းရင်းသား စာပေသင်ကြားခြင်းကို စနစ်တကျ သင်ကြားနိုင်ရန်အတွက်ဆိုပြီး သင်ရိုးညွှန်းတမ်း၊ သင်ကြားမည့်ဆရာ၊ ကျောင်းအရေအတွက် ကျောင်းသားအရေအတွက်တို့ကို စနစ်တကျ ပြုလုပ်ထားပေးခဲ့သည်။

ယခင်အစိုးရလက်ထက်က အစိုးရစာသင်ကျောင်းများ၌ ကျောင်းချိန်အတွင်း မွန်စာသင်ကြားနိုင်ရေးနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရက စီမံချက်တစ်ခုအနေဖြင့် အကောင်အထည်ဖော်မှုရှိခဲ့သော်လည်း လက်ရှိ အစိုးရလက်ထက်မှာတော့ စီမံချက်တစ်စုံတစ်ရာချထားခြင်းမရှိဘူးဟု မွန်စာပေသင်ကြားမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသူတို့က ပြောသည်။

မွန်ပြည်နယ်တွင် မွန်နှင့် ကရင် တိုင်းရင်းသားစာပေသင်ကြားနေသည့် မြို့နယ် ၈ မြို့နယ်၊ ပအိုဝ်းစာပေ သင် ကြားနေသည့် မြို့နယ် ၄ မြို့နယ်ရှိပြီး မွန်စာပေသင်ကြားနေသည့်ကျောင်း ၂၇၀ ကျောင်း၊ ကရင်စာပေသင်ကြား နေသည့်ကျောင်း ၂၇၃ ကျောင်း၊ ပအိုဝ်းစာသင်ကြားနေသည့်ကျောင်း ၃၀ ကျောင်းရှိသည်ဟု သိရသည်။

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...