နိုင်ငံရေးပါတီ မတူသည့် ရှမ်း ၇ ဦး ကျားဖြတ်ရွေးကောက်ပွဲတွင်ပြိုင်ကြမည်

နိုင်ငံရေးပါတီ မတူသည့် ရှမ်း ၇ ဦး ကျားဖြတ်ရွေးကောက်ပွဲတွင်ပြိုင်ကြမည်

လာမည့်နို၀င်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ၌ သျှမ်း(ရှမ်း)အမျိုးသားနှင့်သက်ဆိုင်သည့် လစ်လပ် နေရာ ၂ ခုလုံးအတွက် သျှမ်းလူမျိုး ၆ ဦးက ကျားခေါင်း SNLD , ကျားဖြူ SNDP , ဒေါင်း NLD တို့မှ ၀င်ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နှင့် မန္တလေးတိုင်းဒေသကြီး သျှမ်းတိုင်း ရင်းသား ၀န်ကြီး နေရာအတွက် လစ်လပ်မဲဆန္ဒနယ်တို့တွင် ပြိုင်ဆိုင်ကြမည်ဖြစ်သည်။

“ကျားခေါင်းပါတီအနေနဲ့ လဲချားမြို့မှာ ကျနော် စိုင်းကောင်ခမ်းနဲ့ မန္တလေး သျှမ်းတိုင်းရင်းသား ရေးရာ ကိုယ် စားလှယ်အဖြစ် နန်းထွေးမှုံကနေဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ် ” – ဟု လဲချားမြို့ ကျားခေါင်းပါတီအမတ် လောင်း စိုင်းဥက္ကာခေါ် စိုင်းကောင်ခမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၃ ခုရှိရာ ကျားဖြူပါတီ ကျားခေါင်းပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြစ်ကြပြီး ကိုယ်စားလှယ်လောင်းများမှာ သျှမ်းများ သာဖြစ်ကြောင်း SNLD မှ စိုင်းကောင်ခမ်း ခေါ် စိုင်းဥက္ကာ ၊ SNDP မှ စိုင်းရွှေဆိုင်း၊ NLD ပါတီမှ စိုင်းအောင် ထွန်းလေး တို့က ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးမြို့ သျှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီးနေရာတွင်မူ ကျားဖြူပါတီ SNDP မှ (ယခင်ပြည်ထောင်စု ဒုဝန်ကြီး) ဒေါက်တာစိုင်းကျော်အုန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ယခင်မန္တလေးသျှမ်းသာရေးနာရေး အဖွဲ့ ဥက္ကဌ (ဟောင်း) ဦးစိုင်းပန်းဆိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ စိုင်းအောင်ကြီး တို့ အသီးသီး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တွင် အခြေချ နန်းဆိုင် က ပြောသည်။

လဲချားမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် SNLD ပါတီ မှ စိုင်းမွန်းမှာ ယမန်နှစ်က ကွယ်လွန်သွားသကဲ့သို့ မန္တလေးတိုင်းဒေသကြီး သျှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီး NLD ပါတီမှ ဦးကျော်ဇော မှာ ယခုနှစ်ဆန်းပိုင်းက ကွယ်လွန်သွားသောကြောင့် ၄င်းတို့နေရာအတွက် လစ်လပ်နေခြင်းဖြစ်သည်။

ဇူလိုင်လ ၂ ရက်မှ ၁၁ ရက်နေ့အထိ ၁၀ ရက်တာကာလအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင် မည့် အမတ်လောင်းများအမည်စာရင်း တင်တွင်းရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားရာ တွင် တနိုင်ငံလုံးမှ လစ်လပ်နေသော မဲဆန္ဒနယ် ၁၃ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ၂၄ ပါတီမှ အမတ်လောင်း ၆၉ ဦးရှိကြောင်း၊ ထိုထဲမှ တသီးပုဂ္ဂလမှလည်း ရ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဇူလိုင် ၁ ရက်နေ့က မှ ထုတ်ပြန်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...