ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့တွင် တရုတ်နိုင်ငံရှိ ဘဏ်များ၌ အပ်နှံထားသည့် မြန်မာနိုင်ငံသား ကုန်သည်များ၏ ဘဏ်စာရင်းများ မကြာခဏ ဆိုင်းငံ့ပိတ်သိမ်းခြင်းခံနေရကြောင်း မူစယ်မြို့ ကုန်သည်များက ဆိုကြသည်။
“ တရုတ်အစိုးရက မူစယ်ကုန်သည်တွေရဲ့ တရုတ်ဘဏ် အကောင့် ကို မကြာမကြာ ပိတ်တယ်။ သူတို့ ပိတ်လိုက်တိုင်း ငွေလှဲတဲ့သူတွေပဲ ထိတာ။ ကျမတို့လည်း ပြန်ဖွင့်ပေးဖို့ဆန္ဒပြတယ်။ ဒါပေမယ့် မရသေးဘူး။ ” ဟု မူစယ်မှ ကုန်သည် အမျိုးသမီး တဦး က ပြောသည်။
တရုတ် အစိုးရဘက်က မြန်မာ ကုန်သည်များ၏ တရုတ်ဘဏ် အကောင့်ကို မည်သည့် အကြောင်းပြချက်ဖြင့် ပိတ်သည်ကို သေချာ ပြောပြထားခြင်းမရှိကြောင်းလည်း သူမက ပြောသည်။
“ မူစယ်က တရုတ်ငွေလှဲ အကြီးစားလုပ်တဲ့သူတွေ ငွေမလှဲတာ တပတ်ရှိပြီ။ တရုတ်အစိုးရက ကျမတို့ဘဏ် အကောင့်တွေကို ပိတ်တော့ အလုပ်လုပ်ဖို့ ငွေလည်ပတ်ဖို့ခက်တယ်။ တရုတ်အစိုးရက လုပ်ချင်တိုင်းလုပ်နေတယ်” ဟု မူစယ် မှတရုတ်ငွေလှဲသည့် အမျိုးသမီး နန်းကြည် မှ ပြောသည်။
လက်ရှိမှာလည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များကို အကြောင်းမဲ့ ပိတ်ထားကြောင်း၊ထိုသို့ ဘဏ်အကောင့် များကို မကြာခဏ ပိတ်သည့်အတွက် အလုပ်လုပ်ရသည်မှာ ခက်ခဲနေကြောင်းလည်း နန်းကြည် က ဆိုသည်။
တရုတ်နိုင်ငံ အွန်လိုင်းမှတဆင့် တရားမဝင် လောင်းကစားများ လုပ်ကိုင်ပြီး ငွေကြေးတရားမဝင် လွှဲပြောင်းခြင်း၊ ငွေသွင်း၊ ငွေထုတ်ဆောင်ရွက်ခြင်း များတွင် ပါဝင်ပတ်သတ်မှု ရှိနေသဖြင့် တရုတ်အစိုးရမှ ဘဏ်အကောင့်များ ကို ပိတ်ခဲ့ကြောင်း ယခုနှစ် ဇွန်လက နှစ်နိုင်ငံ တွေ့ဆုံစဉ် တရုတ်အစိုးရဘက်က ပြောခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံဘဏ်များ အပိတ်ခံရသည့် မူစယ်မြို့မှ ကုန်သည်များ၏ ဘဏ်စာရင်း အကောင့်တချို့ကို ပြန်ဖွင့်ပေးရန် တရုတ်အစိုးရ တာဝန်ရှိသူများထံ တောင်းဆိုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဇွန် ၂၀ ရက်နေ့တွင် ပြောသည်။
ပိတ်ခံရသည့် မူစယ်မြို့မှ ကုန်သည်များ၏ ဘဏ်စာရင်း အကောင့်နှင့် ငွေပမာဏကို စာရင်းအတိအကျ ပေးခြင်း မရှိသည့်အတွက် တရုတ်အစိုးရဘက်ကို တောင်းဆိုရာတွင် အခက်အခဲရှိခဲ့ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ဆိုသည်။
ပြီခဲ့သည့်နှစ် ၂၀၁၇ ဇွန် ၁၅ ရက်နေ့တွင်လည်း တရုတ်နိုင်ငံ ရှိ ဘဏ်များတွင် မြန်မာနိုင်ငံသားများ အပ်နှံထားသည့် ဘဏ် ငွေစာရင်းများကို ပိတ်သိမ်းခဲ့ပြီးသေးကြောင်းသိရသည်။







