ရှမ်း(သျှမ်း)ပြည်နယ်မြောက်ပိုင်း မူစယ်မြို့နယ် အတွင်းရှိ ပုဂ္ဂလိကကျောင်းများထံ ကချင်လွတ်မြောက်ရေးအဖွဲ့ မှ တကျောင်းလျှင် အခွန် ၁၀ သိန်းကျပ် ကောက်သည့် စာပို့ထားကြောင်း သတင်းရရှိသည်။
၂၀၁၇ – ၂၀၁၈ ခုနစ် ဘဏ္ဍာရေးနှစ်အတွက် ပုဂ္ဂလိက မူလတန်းတကျောင်းလျှင် ကျပ် ၉ သိန်း၊ အလယ်တန်း ကျပ် ၁၀ သိန်း နှင့် အထက်တန်း ကျောင်းကျပ် ၁၅ သိန်း ပေးဆောင်ရမည် ဖြစ်ပြီး၊ ကွတ်ခိုင်မြို့နယ် KIO အမှတ် (၉ ) တပ်ရင်း အကောက်ခွန်ဌာနရုံးခွဲ သို့ ယခုလ ၁၅ ရက်နေ့ နောက်ဆုံးထားပေးဆောင်ရမည် ဟု စာရွက်တွင် ရေးသားထားကြောင်း ပုဂ္ဂလိက ကျောင်းပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
“ ကျမတို့ ဆီကို ဒါ ပထမဆုံးအကြိမ် လာကောက်တာ။ မနှစ်က ပုဂ္ဂလိက ကျောင်းတကျောင်းကို စာရောက်ပြီး ဆက်ကြေးသွားပေးတယ်လို့ကြားတယ်။ ပညာရေး နဲ့ လုပ်တဲ့သူတွေဆီ ငွေရမှန်းသိလို့ ဒီနှစ်လာကောက်တယ် ထင်တယ်” လို့ ပုဂ္ဂလိက ကျောင်းပိုင်ရှင်အမျိုးသမီး ကဆိုသည်။
မူစယ်မြို့တွင်နေထိုင်သည့် ဒေသခံများထံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မကြာခဏ ဆက်ကြေးများလာရောက်ကောက်ကြကြောင်း၊ မူစယ်မြို့တွင်ရှိ စျေးဆိုင်များ၊ ဘော်ဒါဆောင်များ၊ တည်းခိုခန်းများ၊ ဟိုတယ်များ၊ ထံ နှစ်စဉ် အခွန်ကောက်ခံသည့် စာရောက်လာကြောင်း သူမ က ထပ်မံဆိုသည်။
“ မူစယ်မှာ ငွေရှိတဲ့သူတွေတောင် ပေါ်ပေါ်ထင်ထင် မနေရဲဘူး။ မူစယ်မှာ နေတဲ့သူဘဝက သနားစရာပါ။ အခွန်ဆောင်တဲ့ စာတွေက ခဏခဏလာတယ်။ ကြောက်လည်း ကြောက်နေရတယ်” ဟု မူစယ်မြို့ဒေသခံ စိုင်းကျော် က ပြောသည်။
ကေအိုင်အေအခွန်ကောက်ခံမှု ဟုတ်မှန်ကြောင်း ကေအိုင်အေကို ထောက်ခံသည့် ကေဘီစီ ကချင်နှစ်ချင်း အသင်းတော် မှ အမည်မဖေါ်လိုသည့် ဓမ္မဆရာတဦးက အတည်ပြုသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် ကေအိုင်အေထံမှ သီးခြားအတည်ပြုချက်မရရှိခဲ့ပေ။
မူစယ် ပုဂ္ဂလိကကျောင်းထံ သို့ KIO မှ ပေးပို့သည့် စာရွက်တွင် ဆက်ကြေးကောက်ခြင်းမဟုတ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း အခွန်ကောက်ခြင်းသာဖြစ်သည်ဟု လည်း ရေးသားထားသည်။
“ ကျနော်တို့တည်းခိုခန်းကိုလည်း ရှေ့လက ပလောင် တပ် ( TNLA) က ဆယ်သိန်းတောင်းတဲ့ စာရွက်ရောက် လာတယ်။ တရုတ်ပြည်ထဲ လာဆောင်ဖို့ လည်းရေးထားတယ်။ နောက် ညတိုင်းလိုလို တည်းခိုခန်းကို ဖုန်းဆက် လာတယ်” ဟု မူစယ်မြို့ တည်းခိုခန်းပိုင်ရှင်တဦးက ပြောပြသည်။
မူစယ်မြို့ တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့စစ်များ ကျင်လည် ကျက်စားသည့် နေရာဖြစ်သည့် အလျောက် ပြည်သူများထံလည်း မကြာခဏ အခွန်အခများ လာရောက်ကောက်ခံမှုများပြုလုပ်သည်ကို ဒေသခံများက စိုးရိမ်ကြောက်လန့်မှုများဖြစ်နေရကြောင်းလည်း သိရသည်။
မူစယ်မြို့တွင် စုစုပေါင်းပုဂ္ဂလိကကျောင်း ၂၁ ကျောင်းရှိကြောင်းသိရပါသည်။







