ကလေးစစ်သားအသုံးပြုမှုပပျောက်ရေး UN နဲ့လက်တွဲဖို့အဆင်သင့်ရှိ RCSS/SSA ပြော

ကလေးစစ်သားအသုံးပြုမှုပပျောက်ရေး UN နဲ့လက်တွဲဖို့အဆင်သင့်ရှိ RCSS/SSA ပြော
ဌာနချုပ်လွယ်တိုင်းလျန်းရှိ RCSS/SSA တပ်သားများ
ဌာနချုပ်လွယ်တိုင်းလျန်းရှိ RCSS/SSA တပ်သားများ

ရှမ်း(သျှမ်း)ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ ကလေး စစ်သားအသုံးပြုမှု ပပျောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ်နေကြောင်း RCSS/SSA ကပြောဆိုလိုက်ပါတယ်။

မြန်မာ့တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအတွင်း ကလေးစစ်သားတွေရှိနေသေးတယ်လို့ ပြီးခဲ့တဲ့ မေလ နှောင်းပိုင်းက ကမ္ဘာ့ကုလသမဂ္ဂက ပြောဆိုတဲ့အပေါ် RCSS/SSA ကတုန့်ပြန်ပြောဆို လိုက်တာဖြစ်ပါတယ်။

“RCSS/SSA အနေနဲ့ ကလေးစစ်သား ရှိလဲမရှိသလို ကလေးစစ်သားအသုံးပြုမှုပေါ်လစီလဲ မရှိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး UN နဲ့ ပူးပေါင်းဆောင်ရွှက်ဖို့ အသင့်ဖြစ်နေပါတယ်။ဒီမတိုင်ခင် ကလဲ ကလေး ကာကွယ်မှုနဲ့ပတ်သက်ပြီး ကလေးများအတွက် အကာအကွယ်ပေးနေတဲ့ Geneva Call တို့ ILO တို့ နဲ့ Save the Children အဖွဲ့အစည်းတွေနဲ့လဲ ပူးပေါင်းလုပ်ဆောင်နေပါတယ် ”- လို့ RCSS/SSA က စိုင်းလျန်းက ပြောပါတယ်။

မေလ ၃၀ ရက်နေ့က AFP သတင်းဌာနက သတင်းထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံ မန်နေဂျာအွန်လိုင်းသတင်း စာမျက်နှာမှာ ပြန်လည်ဖော်ပြချက်အရ – မြန်မာနိုင်ငံမှာ တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေက ကလေးတွေကို ဖမ်းဆီးပြီး စစ်ပညာသင်ကြားပေးနေတဲ့အပြင် စစ်မြေပြင်တွေမှာလည်း ကလေးစစ်သားတွေကိုပို့ဆောင်နေတာတွေ့ရကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ပြောဆိုလိုက်တယ်လို့ ပါရှိပါတယ်။

၂၀၁၂ ခုနှစ် စစ်အာဏာရှင်စနစ်ကနေ လူထုရွေးကောက်တင်မြောက်တဲ့ ဦးသိန်းစိန်အစိုးရ တက် လာပြီး နောက်ပိုင်း ကလေးစစ်သားတွေကိုပြန်လည်လွှတ်ပေးလိုက်တယ်လို့ အစိုးရက ကြေငြာပေမယ့် ကနေ့အထိ စစ်မြေပြင်မှာ ကလေးစစ်သားတွေရှိနေတုန်းဘဲလို့ ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Virginia Gamba ကပြောဆိုပါတယ်။

“ကလေးစစ်သားတွေကို ပြန်လွှတ်ပေးတယ်လို့ မြန်မာအစိုးရကကြေငြာတယ်။ ဒါပေမယ့် ဘယ်လောက်ပြန်လွှတ်ပေးသလဲ ၊ဘယ်လောက်ကျန်သလဲဆိုတာ တိကျတဲ့စာရင်း သူတို့မထုတ်ပြန်ဘူး။ တောင်းရင်လည်း မြန်မြန်ဆန်ဆန်မပို့ပေးနိုင်ဘူး။ ကလေးစစ်သားလျှော့ချရေးလုပ်ငန်းမှာ လည်း ထိရောက်အောင်မြင်အောင် မြန်မာအစိုးရမဆောင်ရွက်နိုင်သေးဘူး။ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာလည်း ကလေးစစ်သားအသုံးပြုမှုရှိနေသေးတယ်။” – လို့ Virginia Gamba ကပြောပါတယ်။

အဆိုပါကလေးစစ်သားတွေကို ကချင်ပြည်နယ်၊ သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်တို့ပို့ဆောင်ပြီး စစ်မှုထမ်းစေတာကိုတွေ့ရကြောင်း သူကပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာ စုစုပေါင်း စစ်အင်အား ၅ သိန်းကျော် ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...