မိုင်းတုံရေကာတာစီမံကိန်းအနီး အရပ်သား၂ ဦး သေနတ်ပစ်ခံရမှု လူထုဘဝလုံခြုံရေးအားခြိမ်းခြောက်နေ ASSR အဖွဲ့ပြော

မိုင်းတုံရေကာတာစီမံကိန်းအနီး အရပ်သား၂ ဦး သေနတ်ပစ်ခံရမှု လူထုဘဝလုံခြုံရေးအားခြိမ်းခြောက်နေ ASSR အဖွဲ့ပြော

ရှမ်း(သျှမ်း)ပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ် သံလွင်မြစ်ကူး တာ့ဆန်းတံတားအထက်ပိုင်းတွင်တည်ဆောက် ရန်စီစဉ်နေသည့် မိုင်းတုံရေကာတာ လုပ်ငန်းခွင်အနီး အရပ်သား ၂ ဦး ပစ်သတ်ခံရသည့်အပေါ် လူထု၏ လုံခြုံမှုအား ခြိမ်းခြောက်နေကြောင်း သျှမ်းပြည် မြစ်ချောင်းများ အတွက်လှုပ်ရှားမှုအဖွဲ့ (Action for Shan State River ) က မေလ ၁၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၀ ရက်နေ့တွင် မိုင်းတုံမြို့နယ် ဝမ်ဆာလားရွာနေထိုင်သူ အမျိုးသား ၂ ဦးကို မိုင်းတုံရေ ကာတာ လုပ်ငန်းခွင်လုံခြုံရေး မှ သေနတ်ဖြင့် ပစ်လိုက်သဖြင့် အသက် ၄၂နှစ် အရွယ် အမျိုးသား တဦး သေဆုံးကာ၊ အသက် ၉ နှစ်အရွယ် အမျိုးသားတဦး သေနတ်ထိမှန်သွားကြောင်း လည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ သေနတ်ပစ်ခံရတဲ့သူ ၂ ယောက်က ရွာသားတွေပါ။ ဒေသခံတွေကတော့ ဒီသံလွင်မြစ်တလျှောက်မှာ ခရီးသွားတာ နေ့စဉ်လုပ်နေကြတဲ့ အလုပ်ပါပဲ။ ငါးမျှားတာတွေ ရေခပ်တာတွေ နေ့တိုင်းလုပ်နေကြတာပဲ။ အခု အရပ်သား ၂ယောက်ကို ပစ်တာကတော့ ရေကာတာ တည်ဆောက်ဖို့ လျာထားတဲ့ နေရာမှာ လုံခြံုရေးယူထားတဲ့ တပ်သားပါ” ဟု သျှမ်းပြည် မြစ်ချောင်းများလှုပ်ရှားမှု မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးရှဲန် က ပြောပါသည်။

သေနတ်ထိမှန်ပြီး သေဆုံးသူ နှင့် ကျည်ထိမှန် သည့် အသက် ၉ နှစ်အရွယ် ကလေးငယ် အမှုကို တာဝန်ယူဖြေရှင်းပေးမည့်သူ မရှိသေးသဖြင့် ဝမ့်ဆာလားရွာ မှ ဒေသခံများမှာ လုံခြုံရေးအတွက်အထူး စိုးရိမ်နေကြကြောင်းလည်း စိုင်းခေးရှဲန် ကပြောသည်။

“ ဒါကတော့ ဒေသခံ ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ သဘောပါပဲ။ အခုဆိုရင် ဒေသခံတွေက စိုးရိမ်မှုတွေနဲ့ နေနေရတယ်” ဟု စိုင်းခေးရှဲန် ကဆိုသည်။

အရပ်သားများ စီးနင်းလာသည့် စက်လှေ ကို အကြောင်းမဲ့ တိုုက်ခတ်ခံရခြင်းသည် သျှမ်းပြည်တောင်ပိုင်း သံလွင်မြစ်တလျှောက် လုံခြံုရေး မရှိကြောင်း ထင်ရှား သည် ဟုလည်း သျှမ်းပြည် မြစ်ချောင်းများ လှုပ်ရှားမှု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကြေငြာချက်တွင် သံလွင်မြစ်နှင့် ၄င်းမြစ်အတွင်းစီးဝင်သော မြစ်ချောင်းများအပေါ် တည်ဆောက်မည့် ရေကာတာများကိုချက်ချင်းရပ်တန့်ရန် သျှမ်းပြည် မြစ်ချောင်းများ အတွက်လှုပ်ရှားမှုအဖွဲ့က သက်ဆိုင်ရာများ အား တောင်းဆိုလိုက်သည်။ အဆိုပါရေကာတာအားဆက်လက်ဆောက်လုပ်နေပါက ရာစုနှစ်ချီ ပဋိပက္ခကို မီးမွေးပေးရာကျပြီး ဒေသခံလူထုအား ဘေးအန္တရာယ် ပိုမိုကျရောက်စေကြောင်း လည်း ဖော်ပြထားသည်။

မိုင်းတုံ ရေကာတာ တည်ဆောက်ဖို့ အတွက် လုံခြံုရေး ချထားပြီး၊ စီမံကိန်း လုပ်ဆောင်ရန်အတွက် တရုတ်လူမျိုးများလည်း ရောက်ရှိနေကြောင်း နှင့် လက်ရှိမှာ တရုတ်လူမျိုးများကို လုပ်ငန်းခွင်မှ လွဲပြီး တခြား မည်သည့်နေရာမှ သွားလာခွင့်မပြုသည့်အပြင် တရုတ်လူမျိုးများအတွက်ပါ လုံခြံုရေးလည်း ယူထားပေးကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။

သျှမ်းပြည်နယ်တွင် တည်ဆောက်လျှက်ရှိသည့် ရေကာတာ ရေအားလျှပ်စစ်စီမံကိန်း သုံးခု အနက် မိုင်းတုံရေကာတာစီမံကိန်းသည် လျှပ်စစ်အား (၇၀၀၀) မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး အမြင့်ပေ(၂၃၁) မီတာမြင့်ကာ အရှေ့တောင်အာရှ၌ အကြီးဆုံးရေအားလျှပ်စစ်တစ်ခုဖြစ်လာမည် ဟု သိရသည်။

မိုင်းတုံရေကာတာ သည် တရုတ်ကုမ္ပဏီ ၃ခုဖြစ်သည့် China Three Gorges Corporation, Sinohydro China Southern Grid ၊ Electricity Generating Authority of Thailand International Company-EGAT ၊ Myanmar Department of Hydropower Planning(DHPP) နှင့်မြန်မာ ကုမ္မဏီ တခုဖြစ်သည့် International Group of Entrepreneurs- (IGOEC) တို့ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ရေကာတာ တည်ဆောက်သည့်နေရာနှင့် ရေလှောင်တမံတည်ဆောက်မည့်နေရာများသည် ပဋိပက္ခဖြစ်ပွားခဲ့သောနေရာများဖြစ်ခဲ့ပြီး လက်ရှိ အချိန်ထိ တိုင်းရင်းသား လက်နက်ကိုင် နှင့် မြန်မာတပ်မတော် တို့ လှုပ်ရှားနေသည့်နေရာများလည်း ဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...