အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် ထွက်ပေါက်လား၊ ဒါမှမဟုတ်တိုင်းပြည်အတွက် ထောင်ချောက်လား။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကတော့ ပြင်းထန်နေဆဲပါ။
သေချာတာတစ်ခုကတော့ ဒီစစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတစ်လျှောက်မှာ လူတွေမနှစ်မြို့ဆုံး၊ အပြစ်ပြောဝေဖန်ခံရဆုံး၊ တစ်ဖတ်သတ်အကျဆုံးနဲ့ မသမာဆုံး ရွေးကောက်ပွဲတစ်ခု ဖြစ်နေတယ်ဆိုတာကတော့ လက်ရှိရွေးကောက်ပွဲ အခင်းအကျင်းက ပြသနေပါပြီ။
ရွေးကောက်ပွဲဝင်လိုတဲ့အစုအဖွဲ့ရဲ့အမြင်
ဒီကနေ့စစ်အုပ်စုက ကျင်းပတော့မဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကြားမှာသာမက လူထုကြားမှာ အမြင်အမျိုးမျိုး ရှိနေကြပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မဲ့ အစုအဖွဲ့တွေကတော့
ဒီရွေးကောက်ပွဲကထွက်ပေါက်လို့ မြင်နေကြပါတယ်။ ရွေးကောက်ပွဲက တစ်ဆင့်မြန်မာနိုင်ငံရေး
အပြောင်းအလဲကို လုပ်လာနိုင်မယ်။ ရွေးကောက်ပွဲကနေ အရွှေ့တစ်ခုဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ခုလိုစစ်တပ်က တစ်ဖက်သတ် အုပ်ချုပ်နေတာထက် ရွေးကောက်ပွဲလုပ်ရင် လွှတ်တော်အခင်းအကျင်း ပေါ်လာမယ်။ အစိုးရတစ်ရပ် ပေါ်လာမယ်။ လွှတ်တော်မှာ ဥပဒေတွေပြုလာနိုင်မယ်။
ပြောရေးဆိုခွင့်တွေ ရရှိလာမယ်။ ဒီကတဆင့် တိုင်းပြည်ရဲ့ အပြောင်းအလဲတွေကို ပြုလုပ်လာနိုင်လိမ့်မယ်ဆိုတဲ့ ယူဆချက်မျိုး ဖြစ်ပါတယ်။ ဒါ့ပြင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ အစုအဖွဲ့တွေက ဒီရွေးကောက်ပွဲကို
လက်မခံရင် မြန်မာနိုင်ငံရေး အပြောင်းအလဲ အတွက်တစ်ခြား ရွေးချယ်စရာလမ်းကြောင်းရှိသလား၊ ရှိရင်ချပြဖို့ စောဒကတက်တောင်းဆိုနေတာမျိုးတွေလည်း ကြားနေရပါတယ်။ ရွေးကောက်ပွဲရဲ့အရွှေ့ကဘယ်ကိုလဲ
အမှန်တကယ်က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးပြသနာအကျပ်အတည်းကို ဖြေရှင်းဖို့ရိုးရှင်း လွယ်ကူတဲ့ နည်းလမ်းတွေရှိနေတာပါ။ ပြသနာတိုင်းမှာ ဖြေရှင်းလို့ရနိုင်တဲ့ လမ်းကြောင်းတွေ အများကြီးရှိပါတယ်။ ဒီရွေးကောက်ပွဲ လမ်းကြောင်းထက် အားလုံး ပါဝင်လက်ခံနိုင်တဲ့ နည်းလမ်းကောင်းတွေနဲ့ ဖြေရှင်းကျော်လွှားလို့ရတဲ့ နည်းလမ်းတွေရှိနေပါတယ်။ ဒါပေမဲ့ စစ်အုပ်စုကတော့ ဒီလိုရိုးရှင်းလွယ်ကူတဲ့ လမ်းကြောင်းကို ဦးတည်တာမျိုးမတွေ့ရပါဘူး။ ပိုမိုပြီးနက်နဲ ရှုပ်ထွေးပြီး သွေးထွက်သံယိုမှုများတဲ့ လမ်းကြောင်းကို ရွေးချယ်သွားနေတာကို တွေ့နေရပါတယ်။ ဒါကလည်း သူတို့သက်စိုးရှည်ရေး၊ စစ်တပ်က မြန်မာနိုင်ငံရေးကို ရာသက်ပန်စိုးမိုးချယ်လည်နိုင်ရေးအတွက် ရည်ရွယ်ချက်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကိုလည်း အင်အားသုံးပြီး တဖက်သတ်ကျင်းပဖို့ ရည်ရွယ်ကတည်းက အနာဂတ်မြန်မာ့နိုင်ငံရဲ့ အခြေအနေဟာ အကောင်းဘက်ကို ရှေ့ရှုတာထက် အဆိုးဘက်ကို ပိုပြီး ဦးတည်နေတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒီရွေးကောက်ပွဲကနေ တိုင်းပြည်အတွက် ဘယ်လို ရလဒ်ကောင်းကျိူးမှ ထွက်မလာနိုင်သလို ပိုပြီးနက်နဲ ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုဆီသို့သာ ရောက်ရှိသွားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီရွေးကောက်ပွဲဟာ အများပြည်သူရဲ့ဆန္ဒနဲ့ အညီပြုလုပ်တာမဟုတ်ဘဲ ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေလို့ဘဲ ဖြစ်ပါတယ်။ရွေးကောက်ပွဲဆိုတာ ပြည်သူတွေရဲ့ ဆန္ဒက အရေးကြီးတာကြောင့် ဓားမိုးပြီးတစ်ဖက်သတ် လုပ်တဲ့ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ အနာဂတ်လမ်းကြောင်း မဖြောင့်ဖြူးနိုင်ပါဘူး။
လက်ရှိမြန်မာအခြေအနေ
အမှန်တကယ် မြန်မာနိုင်ငံရဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ပြဿနာဟာ အလွန်ကြီးမားပြီး အတိမ်းအစောင်းမခံနိုင်တဲ့ အနေအထားမျိုးပါ။ နိုင်ငံတကာ နိုင်ငံရေး လေ့လာအကဲခတ်တွေကလည်း မြန်မာပြည်ဟာ ကျဆုံးနိုင်ငံ Fail State အနေအထားကို ရောက်ရှိနေပြီ။ အချိန်မီ မတားဆီးနိုင်ရင် တိုင်းပြည်ဟာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်တယ်လို့ ခန့်မှန်းတွက်ချချက်တွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာဟာ အလွန်နက်ရှိုင်းတဲ့ ချောက်ကမ်းဘားကြီးကို ကျလုလုအနေအထား ဖြစ်နေတာပါ။ ဒါကို လွတ်မြောက်အောင် လုပ်မယ်ဆိုရင် ကောင်းမွန်တဲ့ နိုင်ငံရေးစေတနာ အရင်းခဲနဲ့ ကြုံတွေ့နေရတဲ့ပြဿနာကို ဖြေရှင်းဖို့ ကြိုးစား ဆောင်ရွက်သင့်ပါတယ်။ ဒီလို မဖြေရှင်းဘဲ လက်နက်အားကိုးနဲ့ စစ်အုပ်စုက အာဏာရရှိရေးကို ဆက်လက်ကြိုးပမ်းမယ်ဆိုရင်တော့ တိုင်းပြည်ဟာ ဒီနေ့ကြုံတွေနေရတဲ့အခြေအနေတွေထက် အဆတစ်ရာ ပိုပြီး နစ်နာဆုံးရှုံးဖို့ဘဲ ရှိနေပါတယ်။
ဘာကြောင့်ရွေးကောက်ပွဲကိုဆန့်ကျင်နေကြသလဲ
ဒီကနေ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပြည်တွင်း ပြည်ပ မြန်မာလူ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ ဆန့်ကျင်နေကြတာကလည်း စစ်အုပ်စုလုပ်တဲ့ ရွေးကောက်ပွဲမို့လို့ တမင်ဖျက်လိုဖျက်ဆီး လုပ်နေကြတာ၊ ဆန့်ကျင်နေကြတာမဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲက တိုင်းပြည်အတွက် ဘာမှ ကောင်းမွန်တဲ့ အဖြေ ထွက်လာနိုင်မှာ မဟုတ်သလို ပိုပြီး ဆိုးရွားတဲ့အခြေအနေကို ရောက်ရှိသွားနိုင်တဲ့အတွက် ကန့်ကွက် ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီကို မပြောနဲ့ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီလည်း ဖြစ်လာနိုင်စရာမရှိပါ။ အဓိက အာဏာသိမ်းထားတဲ့ စစ်တပ် ထွက်ပေါက်ရဖို့ ပြုလုပ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ စစ်အုပ်စုက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် ထွက်ပေါက်မဟုတ်သလို ထောင်ချောက်ဆိုတာမျိုး ပြောဆိုနေကြတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကစစ်အုပ်စုအတွက်ထွက်ပေါက်လား
အခု ပြုလုပ်မယ့်ရွေးကောက်ပွဲက နိုင်ငံရေး ထွက်ပေါက်ဆိုရင်တောင်မှ အကျဉ်းအကျပ်ထဲကို ရောက်နေတဲ့ စစ်အုပ်စုအတွက်သာ ထွက်ပေါက်သာ ဖြစ်ပြီး ပြည်သူလူထုအတွက် ထောင်ချောက် ဖြစ်နိုင်ပါတယ်။ ဒီကနေ့ ကျင်းပမယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ဘာဒီမိုကရေစီလမ်းကြောင်းကိုမှ ဦးတည်တာမဟုတ်ဘဲ စစ်တပ်အုပ်ချုပ်ရေး သက်စိုးရှည်ဖို့အတွက် ဖန်တီးထားတဲ့ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်တဲ့ ရွေးကောက်ပွဲဆိုရင် နိုင်ငံရေးပါတီတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုရမှာဖြစ်သလို လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အာမခံချက်တွေလည်း ရှိဖို့လိုအပ်ပါတယ်။ အဓိကအားဖြင့် နိုင်ငံရဲ့အင်အား အကြီးမားဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါဝင်ခွင့်မပြုသလို ခေါင်းဆောင်တွေကိုလည်း ထောင်ထဲ ထည့်ထားတာကလည်း တရာမျှတမှုမရှိဘူးလို့ မြင်နေကြတာဖြစ်ပါတယ်။ စစ်အုပ်စုကတော့ နောက်ဆုံးအချိန်ထိ မိုက်မဲသွားမယ်ဆိုတဲ့ အနေအထားမျိုးကို ပြသနေပါတယ်။ တိုင်းပြည် ဘာဘဲဖြစ်ဖြစ် သူတို့အာဏာ လက်မလွတ်ရရေးကိုဘဲ အဓိက ရှေ့ရှုဆောင်ရွက် နေတယ်ဆိုတာ ဒီနေ့ သူတို့ ဦးတည်နေတဲ့ ရွေးကောက်ပွဲကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုအတွက် ထွက်ပေါက်ဆိုရင်တောင်မှ ကောင်းတဲ့ ထွက်ပေါက် မဖြစ်နိုင်ဘဲ မိမိလည်ပင်းကို မိမိ ကြိုးကွင်းစွပ်ခံရတဲ့ ထွက်ပေါက်မျိုးသာ ဖြစ်သွားနိုင်ခြေ ရှိနေပါတယ်။
လူထုထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကို ဘေးဖယ်ထား
စစ်အုပ်စုက တိုင်းပြည်ကောင်းကျိုး၊ ပြည်သူပြည်သားတွေရဲ့ အကျိုးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်တယ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲကို ရှေ့ရှုလုပ်ဆောင်ဖို့ လိုပါတယ်။ ပါတီတိုင်းကို လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့်၊ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်တွေ ပြုပေးရမှာ ဖြစ်ပါတယ်။ အခုက နိုင်ငံတွင်းက ပြည်သူတွေ တခဲနက်ထောက်ခံထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါဝင်ခွင့်မပြုသလို ပါတီရဲ့ အဓိကခေါင်းဆောင်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။ တိုင်းရင်သားပြည်နယ်တွေကို ကိုယ်စားပြုပြီး လူထုထောက်ခံမှု အားကောင်းတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) လို ရခိုင်အမျိုးသားပါတီ (ANP) တို့လို တိုင်းရင်းသားပါတီတွေကို ရွေးကောက်ပွဲဝင်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။ သူတို့နဲ့ ပုလင်းတူဗူးဆို့ ပါတီတွေ၊ သူတို့ရဲ့ Proxy ပါတီတွေကိုသာ ရွေးကောက်ပွဲဝင်ဖို့ ခွင့်ပြုထားတာကလည်း ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာကို သက်သေပြနေပါတယ်။ ဘယ်လောက်ဘဲ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတယ်လို့ပြောပြော နိုင်ငံတွင်းက လူထုထောက်ခံမှု အားကောင်းတဲ့ ပါတီတွေကို ချန်လှပ်ထားတယ်ဆိုကတည်းက ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ပါ။
မဲမသာမှုကိုအကြောင်းပြပြီးအာဏာသိမ်းတဲ့နောက်ကွယ် ဘာတွေရှိနိုင်လဲ
စစ်အုပ်စုက ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုရှိလို့ အာဏာသိမ်းရပါတယ်ဆိုရင် သူ့ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမသာမှု မဖြစ်ရအောင် ဆောင်ရွက်ဖို့ဘဲ တာဝန်ရှိပါတယ်။ ဘယ်ပါတီမဆို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုပေးရမှာ ဖြစ်ပါတယ်။ ဘယ်ပါတီမဆို ချန်လှပ်ထားတာမျိုး မဖြစ်သင့်ပါဘူး။ ရွေးကောက်ပွဲကို NLD က ပြန်မှတ်ပုံမတင်တဲ့အတွက် ရွေးကောက်ပွဲဝင်ရောက်ခွင့်မရတာလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ခေါင်းဆောင်တွေကို ထောင်ချထားပြီးမှတော့ NLD မှတ်ပုံတင်ခိုင်းရင်တော့ ဘယ်သူက ပြန်မှတ်ပုံတင်ပါမလဲ။ ဒါက ရိုးရှင်းနေတဲ့ ကိစ္စဘဲ ဖြစ်ပါတယ်။ NLD ရွေးကောက်ပွဲကို ဝင်စေချင်ရင် အစကတည်းက ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ လိုပါတယ်။ ဒါကို လွှတ်မပေးတဲ့အပြင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားလိုက်တော့ ဒါက ဘာကို ပြသလဲဆိုရင် NLD ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ပြုလုပ်သလို တစ်ခြား တစ်ဖက်မှာလည်း နိုင်ငံရေးလောကထဲက အပြီးသတ် ချေမှုန်းလိုက်တဲ့သဘောဘဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပေါ်နိုင်ငံကာအမြင်
ဒီလို လုပ်ဆောင်ထားတဲ့အတွက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာ အားလုံးက နားလည်လက်ခံထားကြတာ ဖြစ်ပါတယ်။ ဒီလိုအမြင်တွေကို သမာသမတ်ကျတဲ့ မြန်မာနိုင်ငံရေးသမားတွေသာမက ကုလသမအပါအဝင် နိုင်ငံတကာကလည်း ခုလိုအမြင်မျိုး မြင်နေကြပါတယ်။ စစ်ပွဲကို မရပ်တဲ့အပြင် ပြည်သူလူထုတွေကို နေ့စဉ် ဗုံးကြဲ သတ်ဖြတ်နေတာ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ဖမ်းဆီး ချုပ်နှောင်ထားတာ၊ လူထုထောက်ခံမှု ရရှိထားတဲ့ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲ ဝင်ခွင့်မပြုတာ စတဲ့အကြောင်းခြင်းရာတွေကြောင့် ဒီကနေ့ စစ်အုပ်စုက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ကမ္ဘာကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက လက်ခံအသိအမှတ်ပြုဖို့ တွန့်ဆုတ်နေတာဖြစ်ပါတယ်။ တချို့နိုင်ငံအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေဆိုရင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် သပိတ်မှောက် နေတာတွေလည်းရှိနေပါတယ်။
ရွေးကောက်ပွဲအပေါ်တိုင်းရင်းသားတွေအမြင်
ဒီစစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်ကလည်း အသိအမှတ်ပြု ထောက်ခံမှု လုံး၀ရှိမနေတာကို တွေ့ရပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း တိုင်းရင်းသားအဖွဲ့အစည်းတွေ အသီးသီးက ကြေညာချက်တွေထုတ်ပြီး ကန့်ကွက် ထားတာတွေကိုလည်း တွေ့နေရပါတယ်။ တိုင်းရင်းသားပါတီတချို့ ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပေမယ့် လူထုထောက်ခံမှုက လုံး၀မရရှိသလို ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေကြတာကို တွေ့နေရတယ်။ ဒီလောက် တိုင်းရင်းသားပြည်နယ်တွေမှာ နေ့စဉ် ဗုံးကြဲ သတ်ဖြတ်နေတဲ့ အချိန်ကာလမျိုးမှာ မိမိလူထုကို မျက်ကွယ်ပြုပြီး စစ်အုပ်စုကကျင်းပမဲ့ ရွေးကောက်ပွဲဝင်ရဲတဲ့ တိုင်းရင်းသားနိုင်ငံရေးသမားတွေအပေါ်မှာလည်း ပြည်သူလူထုက ခါးခါးသီးသီးမေးခွန်းတွေ ထုတ်နေကြတာကို တွေ့ရပါတယ်။
ရွေးကောက်ပွဲနဲ့ရခိုင်နိုင်ငံရေးအခင်းအကျင်း
အဆိုဆုံးကတော့ ရွေးကောက်ပွဲဝင်မဲ့ ရခိုင်ဘက်က နိုင်ငံရေးပါတီတွေအပေါ် လူထုယုံကြည်မှု လုံး၀ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်က ရခိုင်လူထုက လေးစားကြည်ညိုတဲ့ ရခိုင်ခေါင်းဆောင်တွေဆိုရင်လည်း ဒီတစ်ကြိမ်မှာ ထောက်ခံမှု လုံး၀မရတဲ့အပြင် ပြည်သူတွေရဲ့ တံတွေးခွက်ထဲ မျောနေကြတာကို တွေ့ရပါတယ်။ တစ်ချိန်က လူထုထောက်ခံမှုကို အပြည့်အ၀ရရှိခဲ့တဲ့ ခေါင်းဆောင်တချို့ဆိုရင် အမျိုးသားသစ္စာဖောက်ထိ ကင်းပွန်းတပ်ခံရပြီး ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ အပြင်းအထန် ရင်ဆိုင်နေရပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဝင်မယ့် ရခိုင်နိုင်ငံရေးသမားတွေဟာ ဒီတစ်ကြိမ်မှာ အောင်ပွဲမရတဲ့အပြင် နိုင်ငံရေးသေသွားတဲ့ အနေအထားမျိုးထိ ကြုံတွေ့နေရပါတယ်။ သူတို့ရဲ့ရွေးကောက်ပွဲဝင်မဲ့ရွေးချယ်မှုဟာလူထုနဲ့ ဆန္ဒနဲ့ ကင်းကွာသွားတဲ့အတွက် လူထုရဲ့ ဒဏ်ခတ်မှုကို ခံနေကြရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဒီစစ်အုပ်စုရွေးကောက်ပွဲမှာ ပါဝင်ကြတဲ့ နိုင်ငံရေးပါတီရော၊ ရခိုင်နိုင်ငံရေးသမားတွေအတွက်ပါ နောက်ဆုံး နိုင်ငံရေးသင်္ချိုင်းဘဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မဲ့ ပါတီရော နိုင်ငံရေးသမားတွေအတွက်ရော ရွေးကောက်ပွဲကျိန်စာ သင့်သွားခဲ့ရတဲ့ အဖြစ်မျိုး မြင်တွေ့နေရပြီဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ရွေးကောက်ပွဲအပေါ် ရခိုင်နိုင်ငံရေးသမားတွေအမြင်
ဒီရွေးကောက်ပွဲမှာ ပြည်သူဘက်က မားမားမတ်မတ် ရပ်တည်တဲ့ ရခိုင်နိုင်ငံရေးသမားတွေကတော့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြသလို ရွေးကောက်ပွဲအပေါ်မှာလည်း ယုံကြည်မှု မရှိကြပါဘူး။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ အနိုင်ရရှိထားတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်ကလည်း ရွေးကောက်ပွဲဝင်ကြမယ့် ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူ့ကိုယ်စားဆိုတာထက် သူတို့အကျိုးအတွက်သာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
“ရခိုင်မှာ မဲဝင်ပြိုင်ကြမယ့် ပါတီထောင်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင်က တစ်မဲပဲရရ၊ ရတဲ့မဲနဲ့ နိုင်တယ်ဆိုတဲ့ဟာမျိုးကို လက်ခံနိုင်တယ်ဆိုတဲ့အခါမှာ ပြည်သူတရပ်လုံးရဲ့ ဆန္ဒမပါလည်း ကိစ္စမရှိ၊ ကိုယ်အနိုင်ရပြီး ကိုယ်စားလှယ်ဖြစ်ပြီးရောဆိုပြီး သွားနေတယ်။ နိုင်ငံရေးအောက်ဈေးနဲ့ လိုက်နေကြတယ်လို့ မြင်တယ်။ ပြည်သူ့ကိုယ်စားဆိုတာထက် ကိုကိုယ်၌ကိုက အင်မတန် အမတ်မွတ်နေကြသလားဆိုတဲ့ဟာမျိုးကို မေးခွန်း မေးရမလိုဖြစ်နေတယ်” လို့ ဆိုပါတယ်။
ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး တစ်ချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
“အခု စစ်ကော်မရှင်လုပ်မဲ့ ရွေးကောက်ပွဲဟာ free and fair မဖြစ်ဘူးဆိုတာ လူတိုင်း သိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ USDP ရဲ့ ပြိုင်ဖက်လက်ရေတူ NLD လို ပါတီမျိုးကို ဖျက်သိမ်းထားတယ်။ တခြားအင်အားရှိတဲ့ ပါတီတချို့ကိုလည်း ဖျက်သိမ်းထားတယ်။ ပြီးတော့ ပြည်သူတွေကလည်း ဒီနေ့ ရွေးကောက်ပွဲကို ဘယ်သူကမှ စိတ်မဝင်စားဘူး။ တစ်နိုင်ငံလုံးမှာလည်း မငြိမ်မသက်မှုတွေ ရှိနေတယ်။ မဲဆန္ဒနယ်မြေ အများအပြားလည်း ဖျက်သိမ်းထားရတယ်။ ပြီးတော့ ရွေးကောက်ပွဲတချို့ နေရာတွေမှာပေါ့နော်။ ကြံ့ခိုင်ရေးအမတ်တွေက မပြိုင်ဘဲနဲ့ နိုင်ထားတယ်။ ပြည်သူတွေက စိတ်မဝင်စားလေလေ ကြံ့ခိုင်ရေးပါတီဝင်တွေက အနိုင်ရလေလေပေါ့။ အဲလိုအခြေအနေကို ထောက်ရင်၂၀၀၈ ဖွဲ့စည်းပုံ လုပ်ပိုင်ခွင့်နဲ့ ပေါင်းလိုက်ရင်တော့ ဒါက စစ်တပ်က ပြန်ပြီးတော့ အာဏာရမယ်ဆိုတာ အထူးပြောစရာမလိုဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ လုံးဝမဖြစ်ဘူးလို့ ပြောချင်တယ်” လို့ ဆိုပါတယ်။
ရွေးကောက်ပွဲထက်လက်ငင်းအကောင်အထည်ဖော် လုပ်ဆောင်သင့်တဲ့ အချက် (၅) ချက်
ဒါကြောင့် ဒီကနေ့ စစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရှိ လူအများစုက လက်မခံကြသလို တိုင်းရင်းသားတွေကလည်း မထောက်ခံကြပါဘူး။ နိုင်ငံတကာဆိုရင်လည်း စစ်အုပ်စုကို ကျောထောက် နိုင်ငံအနည်းငယ်မှ အများစုနိုင်ငံတွေက လက်မခံကြပါဘူး။ ကမ္ဘာကုလသမဂ္ဂ အပါအဝင် နိုင်ငံအသီးသီး၊ အဖွဲ့အစည်းအများအပြားကလည်း အတုအယောင်ရွေးကောက်ပွဲလို့ သတ်မှတ် သပိတ်မှောက်ထားကြပါတယ်။
ဒီလိုအများပြည်သူက လက်မခံတဲ့ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ဘဲ ကျင်းပပြုလုပ်ပါစေ။ ဘယ်လိုနည်းနဲ့မှ ရလဒ်ကောင်းတွေ ထွက်လာမှာမဟုတ်သလို တိုင်းပြည်ရဲ့ ကောင်းကျိုးကိုလည်း ဘယ်လိုနည်းနဲ့မှ ဆောင်ကျဉ်းနိုင်မှာ မဟုတ်ပါဘူး။ အနာဂတ် မြန်မာ့နိုင်ငံရေးကို ပိုမိုရှုပ်ထွေးစေမှာ ဖြစ်သလို စစ်မှန်တဲ့ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ဟာလည်း ပိုပြီး အလှမ်းကွာဝေးသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည် အကောင်းဘက်ကို ရောက်ဖို့ဆိုရင်တော့ ရွေးကောက်ပွဲထက် တစ်ခြားကောင်းမွန်တဲ့ ထွက်ပေါက်တွေကို ရှာဖွေသင့်ပါတယ်။
လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းလိုတယ်ဆိုရင်တော့ ဒီအချက်တွေကို လုပ်ကိုင် ဆောင်ရွက်ဖို့ လိုအပ်ပါမယ်။
ဒါတွေကကတော့......
(၁) တစ်တိုင်းပြည်လုံး အပစ်ရပ်စဲရေးကို ချက်ချင်းကြေညာပါ။
(၂) ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးသားအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါ
(၃) ဗမာတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဗမာမဟုတ်တဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပါ
(၄) ဆွေးနွေးပြီးနောက် ဘုံသဘောတူညီချက်ချမှတ်ပြီး ညီလာခံတစ်ရပ်ကိုခေါ်ယူပါ
(၅) ဒီညီလာခံမှတစ်ဆင့် တိုင်းပြည်ရဲ့ ကြုံတွေ့နေရတဲ့ ပြဿနာအရပ်ရပ်ကို စေ့စပ်ညှိနိုင်းဖြေရှင်းပါ
ဒီအချက်တွေသည်သာ လက်ငင်းကြုံတွေ့နေရတဲ့ မြန်မာပြည်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေဖြစ်ပြီး အများပြည်သူ ထောက်ခံမှုနဲ့အတူ အမှန်တကယ် ထွက်ပေါက်ကို ရောက်မဲ့လမ်းကြောင်းဆိုတာ အခိုင်အမာပြောလိုက်ပါရစေ။







