ကချင်ဒေသတိုက်ပွဲနယ်မြေအတွင်း လူသားချင်းစာနာထောက်ထားမှု အကူညီပေးရန် သွားရောက်မယ့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့ အဖွဲ့အစည်းအမှတ်အသား ထင်ရှားစွာဖြင့် သွားလာပေးကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မနေ့က (မေ ရရက်နေ့) ပန်ကြားလိုက်ပါတယ်။
မေလ ၅ ရက်နေ့ တနိုင်း အောင်လော့ဒ်ဘက်ကို သွားသည့် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်နယ် အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူများ ပါဝင်သော စစ်ပြေးဒုက္ခသည် အကူညီ ထောက်ပံ့ပစ္စည်း သွားရောက်ပေးအပ်တဲ့ ယာဉ်တန်း တိုက်ခိုက်ခံရကြောင်း တနိုင်းမြို့နယ် တာဝန်ရှိသူတွေက တဆင့်သိရပါတယ်။
သို့ပေမယ့် အဲဒီတိုက်ခိုက်မှုအကြောင်းကို KIO ပြန်ကြားရေးတာဝန်ရှိသူ ဒုဗိုလ်မှူးကြီးနော်ဘူအနေနဲ့ မသိကြောင်းနဲ့ စစ်ရှောင်ကူညီရေးယာဉ်တန်းအမှန်ဖြစ်ပါက KIA အနေနဲ့ တိုက်ခိုက်စရာ အကြောင်း မရှိကြောင်း ပြောဆိုလိုက်ပါတယ်။
“တပ်မတော်က အရပ်သားကားတွေမှာလည်း စစ်ကူ လက်နက်တန်ဆာပလာ တွေသယ်တာရှိတယ်။ အဲဒီအချက်တွေကြောင့် ထုတ်ပြန်ချက်မှာ ပန်ကြားချက်ထည့်ထားတာ ဟုတ်ပါတယ်။ တချို့နေရာမှာ စစ်ကားတွေနဲ့ တက်လာတယ်။ ကျနော်တို့ ပစ်လိုက်ရင်တော့ စစ်ပြေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပစ္စည်းဖြစ်တယ်ဆိုပြီး အသံထွက်လာပြန်တယ်။ တကယ်တမ်း နိုင်ငံတကား စည်းကမ်းအရတော့ စစ်တိုက်မယ်ဆိုရင် သူ့ စစ်ကား၊ စစ်ဝတ်စုံ နဲ့ တိုက်ခိုက်ရမှာဖြစ်တယ်။ အဲလို မဖြစ်တဲ့အတွက် တစ်ခါတစ်လေ အခုလို ဖြစ်တာ”
အစိုးရတပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား အင်ဂျန်းယန်မြို့နယ် နှင့် တနိုင်းမြို့နယ် တို့မှာ နေ့စဉ် ပုံမှန် တိုက်ပွဲ ဖြစ်ပွားနေကြကြောင်း ဒေသခံ များမှ သိရပါတယ်။







