ဒေသတွင်းလက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့၏ ပစ်ခတ်ခြင်းခံရသော လင်းခေးမြို့ ပန်တဝိရွာသား လွယ်လင်ဆေးရုံတွင်ဆေးကုသမှုခံယူနေရဆဲ

ဒေသတွင်းလက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့၏ ပစ်ခတ်ခြင်းခံရသော လင်းခေးမြို့ ပန်တဝိရွာသား လွယ်လင်ဆေးရုံတွင်ဆေးကုသမှုခံယူနေရဆဲ
by -
ယိင်းအုမ်မွေ
ပစ်ခတ်ခံရသည့်ပန်တဝိရွာသား စိုင်းလွန်း
ပစ်ခတ်ခံရသည့်ပန်တဝိရွာသား စိုင်းလွန်း

လင်းခေးခရိုင် ပန်တဝိကျေးရွာအုပ်စု ဟွေနိန်ရွာသားတဦးအား ပြည်သူ့စစ်တပ်ဖွဲ့က ပစ်ခတ်ရာတွင် ဒဏ်ရာပြင်းထန်သဖြင့် လက်ရှိတွင် လွယ်လင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်နေ့က ပန်တဝိအုပ်စုအတွင်း လှုပ်ရှားသည့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ တပ်သား တဦးက ဒေသခံ စိုင်းလွန်းဆိုသူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်သဖြင့် လင်းခေးဆေးရုံမှတဆင့် လွယ်လင်ဆေးရုံသို့ပို့ဆောင်ကုသနေရကြောင်း၊ ယနေ့တိုင် ဆေးရုံမှမဆင်းရသေးကြောင်း ဦးလေးတော်စပ်သူ က သျှမ်းသံတော်ဆင့်အားပြောပြသည်။

“ကျနော့ တူက နှလုံးရောဂါသည်လေ။ သူတို့နဲ့လည်း ဘာရန်ညှိုးမှ မရှိဖူးဘူး။ ကျနော်တို့ရဲ့ ဟွေနိန်ရွာဘုန်းကြီး ကျောင်းရှေ့မှာ သူ့ကိုတားပြီး သူ့ဆိုင်ကယ်ကိုဖျက်ဆီးလိုက်တာ။ သူ့ကိုလည်းကြိုးချီပြီး သေနတ်နဲ့ ပစ်တာ ဗိုက်ထိ သွားတယ်။ လင်းခေးဆေးရုံသွားတာ ဒဏ်ရာပြင်းလို့ဆိုပြီး အခုလွယ်လင်မှာရှိနေသေးတယ်။ ဆေးရုံကမဆင်းရသေးဘူး။” ဟု ပစ်ခတ်ခံရသူ ဦးလေးက ပြောသည်။

ပစ်ခတ်ခံရသူစိုင်းလွန်းမှာ ခါးတွင်သေနတ်ဒဏ်ရာတစ်ချက် ညာဘက်လက်တွင် သေနတ်ဒဏ်ရာတစ်ချက် ရရှိ ကာ လွယ်လင်ဆေးရုံတွင်ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းမှ ဆေးကုသမှုအတွက် ကူညီထောက်ပ့ံမှုမပေးကြောင်း ဦးလေးတော်စပ်သူကပြောသည်။

“ သူ့ရဲ့ မိဘတွေလည်း တောင်ယာဘဲလုပ်တာလေ ပိုက်ဆံမရှိကြဘူး။ ခုလည်း ဆေးရုံတက်တာ ငွေအများကြီးကုန်နေပြီ သက်ဆိုင်သူတွေလည်း ဘာမှလုပ်ပေးတာမရှိဘူး” လို့ ၎င်းက ဆက်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းများကို အကြောင်းကြားသော်လည်း ယခုထိ တစ်စုံတစ်ရာ လုပ်ပေးခြင်းမရှိသေးကြောင်း ဦးလေးဖြစ်သူက ဆိုပါသည်။

ပန်တဝိကျေးရွာသည်လင်းခေးမြို့အရှေ့တောင်ဘက်အရပ်ရှိ တောင်ပေါ်တွင် တည်ရှိပါသည်။ အဆိုပါဒေသတွင် အရပ်သား ဦးဂန္ဓမာ ဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ နေထိုင်လှုပ်ရှားပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...