ဝမ့်ဟိုင်းဌာနချုပ်သို့ ငြိမ်းချမ်းရေးကော်မရှင် PC ရောက်ရှိစဉ် SSPP/SSA ၏ လွယ်ရင်ယာယီတပ်စခန်းအား အစိုးရတပ်မတော်တိုက်ခိုက်

ဝမ့်ဟိုင်းဌာနချုပ်သို့ ငြိမ်းချမ်းရေးကော်မရှင် PC ရောက်ရှိစဉ် SSPP/SSA ၏ လွယ်ရင်ယာယီတပ်စခန်းအား အစိုးရတပ်မတော်တိုက်ခိုက်

ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ လွယ်ရင်တပ်စခန်းအား အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့သည်။

မေလ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်တွင် အစိုးရတပ်မတော်၏ တပ်မမ ၇၇ လက်အောက်ခံ အင်အား ၃၀၀ ခန့်က လွယ်ရင်တောင်ပေါ်ရှိ  SSPP/SSA ၏ယာယီတပ်စခန်းအား ၂ နာရီခန့်အကြာဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

SSPP/SSA ယာယီတပ်စခန်းအား အစိုးရတပ်မှ အင်အားသုံးတိုက်ခိုက်စဉ် မြန်မာ့ငြိမ်းချမ်းရေးကော်မရှင် မှ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည့် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းသို့ ရောက်ရှိကာ ငြိမ်းချမ်း ရေးအတွက်ဆွေးနွေးနေချိန်ဖြစ်ကြောင်း SSPP/SSA ဘက်ကပြောသည်။

လွယ်ရင်တောင်သည် ကျောက်မဲမြို့နယ် တော့ဆန်အုပ်စုနှင့် ၃ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။ အစိုးရတပ်မတော်မှ SSPP/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေချိန် တပြိုင်တည်းမှာပင် လွယ်ရင်တောင်၏ မြောက်ဘက်အရပ်ရှိ တအာင်းတပ်စခန်းအားလည်း အစိုးရမှ တိုက်ခိုက်ခဲ့ကြောင်း ၊အစိုးရဘက်မှ 79mm – 60mm – 81 mm အမျိုးအစား လက်နက်ကြီးများပစ်ခတ်အသုံးပြုကြောင်း ကျောက်မဲမြို့နယ်အတွင်း တာဝန်ကျလှုပ်ရှားနေသည့် SSPP အရာရှိ တဦးကပြောသည်။

"တော့ဆန်ရွာနားမှာ လာပြီးမြှုပ်နှံထားတဲ့ အလောင်း ၂ လောင်းတွေ့ရတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း သယ်သွားတာတွေ့ရတယ်။  "– ဟု တော့ဆန်ရွာသားများကပြောသည်။

အဆိုပါတပ်ရင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲကာ လွယ်ရင်တောင်တက်ကြောင်း၊ တကြောင်းမှာ လွယ်ရင်တောင်၏ မြောက်ဘက်ခြမ်းတွင်တက်သဖြင့်  မြောက်ဘက်ခြမ်းရှိ တအာင်းတပ်နှင့်တိုက်ပွဲဖြစ်ပွါးကြောင်း၊ ကျန်တကြောင်းမှာ လွယ်ရင်တောင်၏ တောင်ဘက်ခြမ်းမှတက်ကြောင်း SSPP အရာရှိကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန် အစိုးရလက်ထက်က ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။ မေလ ၁ ရက်နှင့် ၂ ရက်ကလည်း ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...