“အိမ်အကာအတွက်မိုးကာက မလုံလောက်သေးဘူး။ ခုလည်း IMOဆီစာတင် ထားတယ်။ တောင်ယာလုပ်မယ်ဆိုရင်လည်း မြေကလုံးဝ ကိုမရှိတော့တာ။ မြေရှိရင်တော့ တောင်ယာလုပ်ချင်တာပေါ့။ ကျွန်မတို့က တောင်သူတွေပဲလေ။ ဒါကြောင့်ခြံထဲမှာ သီးနှံတွေစိုက်နေရုံလောက်ပဲလုပ်နိုင်တယ်။ ဘာမှလုပ်စရာ ကိုင်စရာမရှိတော့ အနေပိုခက်သေးတယ်။ လက်ရှိအဓိကအခက်အခဲကတော့ ရေပဲ။ နှစ်ဖာလုံလောက်ဝေးတဲ့နေရာက သွားခပ်ရတယ်။ မိုးမရွာရင် နေ့တိုင်းရေခပ်ဖို့လိုတယ်” ဟု ဇောလ်ပီး ရေဘေးဒုက္ခသည်စခန်းတွင်နေထိုင်သည့် ကလေး ခြောက်ယောက် မိခင် ဒေါ်ခင်ဆွေကပြောသည်။
ဖလမ်းမြို့နယ် ဇောလ်ပီးကျေးရွာတွင်အိမ်ခြေ ၁၂ အိမ်ရှိပြီး ၂၀၁၅ ခုနှစ် သဘာဝဘေးဒဏ်ကြောင့် ၄င်းတို့နေထိုင်သည့်ကျေးရွာမှာ လူနေထိုင်ရန်အန္တရာယ်ရှိလာသည့်အတွက် ၂၀၁၆ နှစ်ဆန်းပိုင်းတွင် အစိုးရက ယခုနေရာတွင်နေရာချထားပေးခဲ့သည်။
“ဇောလ်ပီးတွေလိုအပ်ချက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးကိုသွားကြည့်ခိုင်းထားတယ်။ သူတို့လိုအပ်တာတွေပြန်တင်ပြလိမ့်မယ်။ လောလောဆယ်တော့ တစ်အိမ်ထောင် ကျပ်သုံးသိန်းစီထောက်ပံ့ပေးဖို့ရှိတယ်”ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်ကပြောသည်။
စက်တင်ဘာ ၁၆ ရက်တွင် ကျင်းပသည့် ချင်းပြည်နယ် ဝန်ကြီးအစည်းအဝေးတွင် အဆိုပါကိစ္စအားဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
သို့သော်လည်း ယင်းထောက်ပံ့ငွေကို စက်တင်ဘာ ၂၀ ရက်ထိ ဇောလ်ပီးရေဘေးဒုက္ခသည်များက မရရှိသေးပေ။

ဆီးယင်းကြိုးဝိုင်းအမှတ်(၁၄၅)တွင် ပြည်နယ်အစိုးရကနေရာချပေးထားသော ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်အိမ်များအား စက်တင်ဘာ ၁၁ တွင်တွေ့ရစဉ်။ (ဓာတ်ပုံ-ဆလိုင်းလာလ်နွန်အုပ်)
“အစိုးရလုပ်ပေးဖို့တောင်းဆိုချင်တာကတော့ ရေနဲ့လမ်းပါပဲ။ မိုးမရွှာရင် ရေရဖို့အရမ်းခက်ခဲတယ်။ ပြီးတော့ စီးစံရွာအထိသွားလို့ရမယ့် လမ်းကိုဖောက်ပေးစေချင်တယ်”ဟု ဇောလ်ပီးရေဘေးဒုက္ခသည်စခန်း အုပ်ချုပ်ရေးမှူး ဦးဇလျန်ပေါင်ကပြောသည်။
“စိုက်ပျိုးလို့မရတဲ့နေရာမှာ ဘယ်လိုမျိုးအမြင်နဲ့ ဇောလ်ပီး ရေဘေးဒုက္ခသည်တွေကို အမှတ် ၁၄၅ မှာနေရာပေးတာ မတွေးတက်ဘူးဖြစ်နေတယ်။ ဘယ်သူမှမလုပ်ချင်တော့တဲ့နေရာမှာ ရွာလာတည်တယ်။ ဘယ်ကနေ စားဝတ်နေရေးအတွက် ရှာကြံကြမလဲ ဆိုတာ မတွေးတက်ဘူး။ ကူလီလုပ်ဖို့နေရာမရှိဘူး။ စိုက်ပျိုးဖို့ ရေတောင် ကောင်းကောင်းမရှိဘူး။ ဒီအပေါ်မှာ ပြည်နယ်အစိုးရက ဘာရည်ရွယ်ချက်ရှိလဲဆိုတာအရေးကြီးတယ်။ ရွာတည်ပေးရင် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အရေးတကြီးစဉ်းစားပေးရင်ကောင်းမယ်။ ရွာတည်ပေးလိုက်ရုံဖြစ်မယ်ဆိုရင် ဝမ်းနည်းစရာဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုရင် အသက်မွေးဝမ်းကျောင်းဖို့အတွက် အဆင်မပြေဘူးဆိုရင် အောင်မြင်မှာမဟုတ်ဘူး။ အရှက်ပဲကွဲမယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် သေသေချာချာစီစဉ်ပေးစေချင်တယ်”ဟု ဇောလ်ပီးဒုက္ခသည်စခန်းအနီးရှိ စီးစံကျေးရွာမှ နှစ်ခြင်းသင်းအုပ်ဆရာတစ်ပါးက သုံးသပ်ခဲ့သည်။
စက်တင်ဘာ ၂၁ ရက်နေ့တွင် ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စလှယ်တို့ ဇောလ်ပီးရေဘေးဒုက္ခသည်စခန်းတွင် လာရောက်ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။
ပုံ-ဆီးယင်းကြိုးဝိုင်းအမှတ်(၁၄၅)တွင် ပြည်နယ်အစိုးရကနေရာချပေးထားသော ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်အိမ်များအား စက်တင်ဘာ ၁၁ တွင်တွေ့ရစဉ်။ (ဓာတ်ပုံ-ဆလိုင်းလာလ်နွန်အုပ်)
ဇောလ်ပီးရေဘေးဒုက္ခသည်စခန်းတွင် အိမ်ရှင်မတစ်ဦးက ၄င်းတို့အိမ်ရှေ့တွင် တပိုင်တနိုင် ခြံလုပ်နေစဉ်။ (ဓာတ်ပုံ- ဆလိုင်းလာလ်နွန်အုပ်)







