ထိုသို့ စောင့်စားနေကြရင်းပင် စောင့်စားနေသူများအတိုင်း နောက်ထပ် စောင့်စားကြမည့် သူများက လည်း မိုးပွားများ တစ်ဖွဲဖွဲ ရွာသွန်းနေသကဲ့သို့ ဝင်လာမဆဲ တသဲသဲဆိုသည့်အတိုင်း ပိုမိုများပြားလာ ခဲ့ကြသည်။အဘယ်ကြောင့်ဆိုသော် စစ်ပွဲများမှာ ပြီးဆုံးသွားခြင်းမရှိဘဲ ဗိုလ်နေမြဲ ကျားနေမြဲဆိုသည့်အလား ပစ်ခတ် တိုက်ခိုက်နေကြဆဲဖြစ်သောကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများသည့် မိမိ အဖွဲ့ ဆက်လက် ရပ်တည်ရေးအတွက် စစ်လက်နက်များကိုလည်း ဖြည့်တင်းကြရသည်။ မိမိတို့ရဲ ့ တပ်များကို စစ်လက်နက်များ တပ်ဆင်ကြပြီး သက်ဆိုင်ရာ အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး ၊ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့်ရရေးတို့အတွက် တိုက်ပွဲဝင်ကြသည်။
တဘက်တွင်လည်း တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကဲ့သို့ မဟုတ်ဘဲ အစိုးရ၏ ဘဏ္ဍာရေးဘတ်ဂျက်ခွဲတမ်းများကို ရယူ၍ နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်လက်နက်များကို ဖြည့်တင်းကြရသည်။
တိုက်ပွဲ တစ်ပွဲ၏ ကုန်ကျစရိတ်သည် အလွန်များပြားလှပါသည်။ ထိုသို့များပြားလှသည့် ရင်းနှီးမြှပ်နှံမှုကြီးကို လုပ်ဆောင်ခဲ့ရာတွင် လူသားများ၊အသက်များ၊ဘဝများကိုလည်း စတေးခဲ့ကြရသကဲ့သို့ ရှိစုမဲ့စု ပိုင်ဆိုင်မှုများကို စွန့်လွတ်ခဲ့ရပြီး အသက် ရှင်သန်ရေးအတွက် ထွက်ပြေး တိမ်း ရှောင်နေကြရသည့် လူထုကြီးကိုလည်း ရင်းနှီးထားကြရသည်။
ထို့သို့ဆိုပါက ဤရင်းနှီးမြှပ်နှံမှုသည် လူထုအတွက် အကျိုးသက်ရောက်မှုရှိခဲ့သလား အကျိုးသက် ရောက်မှု မရှိခဲ့ဖူးလားဆိုခြင်းအပေါ် စဉ်းစားရန် လိုအပ်လာပေသည်။ဤကဲ့သို့ ရင်းနှီးမြှပ်နှံမှုမဟုတ်ဘဲ တမျိုးတစ်ဖုံဖြင့် ရင်းနှီးမြှပ်နှံမည်ဆိုပါက လက်ရှိ ဆင်းရဲ နိမ့်ချနေသော နိုင်ငံသည် မည်သည့် အဆင့်သို့ ရောက်ရှိသွားမည်နည်း၊ အိုးမဲ့၊အိမ်မဲ့ ဘဝ ဖြင့် မည်သည့် အချိန်တွင် မည်သည့် နေရာသို့ တဖန် ပြန်လည် သွားရောက်ရမည်နည်း စိုးရိမ်စိတ်များဖြင့် နေထိုင်လျက်ရှိသော လူထုကို မည်သို့ ဖြည့်ဆည်းပေးနိုင်မည်နည်း၊ အသက်ပေါင်းများစွာ စတေးနေရသည့် အခြေအနေအစား အတူယှဉ်တွဲနေ ထိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိရေး မည်သို့ ဆောင်ရွက်နိုင်မည်နည်း၊ စသည့် အခြေအနေ အရပ်ရပ်တို့ကို စဉ်းစားရန် လိုအပ်လာပါသည်။
စာရေးသူ၏ မိတ်ဆွေ တစ်ဦးက ပြောပြဖူးသည့် အကြောင်းအရာလေး တစ်ခုကို ပြန်လည် ပြောပြလို ပါသည်။ စာရေးသူ၏ မိတ်ဆွေ ပြောပြသည့် အကြောင်းအရာလေးက ယခုဖြစ်ပွားနေသော စစ်ပွဲများ တွင် အသုံးပြုသည့် လက်နက် ကျည်များ၏ တန်ဖိုးများ ဖြစ်ပါသည်။ မိတ်ဆွေ ပြောပြသည့် လက်နက်ကျည်များ၏ တန်ဖိုးဆိုသည်မှာ AK-47 ကျည်တစ်ထောင့် တန်ဖိုး၊ RPG တစ်လုံး၏ တန်ဖိုး ၊ 79 ကျည် တစ်ထောင့် တန်ဖိုး နှင့် ၈၁ မမ၊ ၈၂ မမ၊ လက်နက်ကျည် တန်ဖိုးနှင့်အတူ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားသည့်အခါ မည်မျှ ကုန်ကျစရိတ် ရှိခဲ့သည်ကိုလည်း တွက်ကြည့်မိခဲ့ပါသည်။
AK-47 ကျည်တစ်ထောင့်လျှင် ၁၇၅ဝိ ကျပ် (ဘတ် ၅၀) ၊RPG တစ်လုံး ၅၂၅,၀၀၀ိ (ဘတ် ၁၅၀၀၀) RPG တွင် နံပါတ် ၂ ၊ ၅၊ ရ ဆိုပြီး ရှိကြောင်း ယခု ပြောပြသည်မှာ နံပါတ် ၅ ၏ တန်ဖိုးသာဖြစ်ပြီး M-79 ကျည် တစ်ထောင့် ၃၅၀၀၀ (ဘတ် ၁၀၀၀) ၊ ၈၁ မမ နှင့် ၈၂ မမ တို့မှာ ၈၇၅,၀၀၀ (ဘတ် ၂၅၀၀၀) ရှိကြောင်း၊ သို့သော် ပုံမှန် စျေးနှုန်းမဟုတ်ပဲ ငွေစျေးအတက်အကျပေါ် မူတည်ပြီး အပြောင်းအလဲ များ ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို ့၏ ပြောပြချက်အရသိရှိရပါသည်။
တိုက်ပွဲတစ်ပွဲတွင် ဥပမာအားဖြင့် Ak-47 ကျည်တစ်တောင့် ၁၇၅၀ိ× ၁၀၀၀ တောင့်ဆိုလျှင် စုစုပေါင်း ၁၇ သိန်း ၅ သောင်း ၊ RPG တစ်လုံး ၅၂၅၀၀၀ိ× ၅ လုံးဖြင့် တွက်မည်ဆိုပါက ၂၅ သိန်း ရ သောင်း ၅ ထောင် ကျပ် (၂၅,၇၅၀,၀၀၀ ကျပ်) ၊ M-79 ကျည်တစ်လုံး ၃၅၀၀၀ိ ကျပ်× ၅ လုံး တွက်မည်ဆိုပါက ၁၇၅,၀၀၀ ကျပ်၊ ၈၁ မမ နှင့် ၈၂ မမ တို့၏ ဗုံးသီး တစ်လုံးလျှင် ၈၇၅,၀၀၀ ကျပ်× ၅ လုံး တွက်မည်ဆိုပါက ၄၃ သိန်း ရ သောင်း ၅ ထောင်ကျပ် (၄၃၇၅၀၀၀ ကျပ်) ကုန်ကျမည်ဖြစ်ပြီး နှစ်ခုပေါင်း အသီး ၁၀ လုံးစာ တွက်မည်ဆိုပါက ၈၇ သိန်း ၅ သောင်း ကျပ် (၈၇၅၀၀၀၀ ကျပ်) ကုန် ကျမည်ဖြစ်ရာ နှစ်ဖက်စုစုပေါင်း ကုန်ကျငွေ သိန်းပေါင်း ၃၀၀ ကျော် (၃၆၄၂၅၀၀၀ ကျပ်) ရှိမည်ဖြစ်ပါ သည်။
ထို့ကြောင့် တိုက်ပွဲ တစ်ပွဲဖြစ်ပါက မည်မျှ ကုန်ကျမည်ဆိုခြင်းကို တွက်ကြည့်နိုင်ပြီး ယင်းငွေများ ကုန်ကျ သည့်အပြင် အသက်ပေါင်းများစွာကိုလည်း စတေးခဲ့ကြရ၊ လူထုမှာလည်း အိုးမဲ့၊ အိမ်မဲ့ဘဝများ အဖြစ် ရောက်ရှိလာခဲ့ကြသကဲ့သို့ ရှိပြီးသာ မြို ့၊ရွာ၊များ ပျက်စီး ဆုံးရှုံးသွားခြင်း၊ ရှိပြီးသား အဆောက် အအုံများ ပျက်စီး ဆုံးရှုံးသွားသည့် ရလဒ်များကိုသာ ပိုင်ဆိုင်ခဲ့ကြရသည်။
တပ်မတော်ဘက်မှ စစ်သုံးစရိတ်ကို ကြည့်မည်ဆိုပါကလည်း ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍရေးနှစ်က ငွေကျပ် ၅၇၄ ဒသမ ၃၉ ဘီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်း လွှတ်တော် သို့ တင်ပြ တောင်းခံခဲ့ကြောင်း ၂၀၁၃ ခုနှစ်၊ဖေဖော်ဝါရီ ၂၆ ရက် ဧရာဝတီသတင်းဌာနက ဖော်ပြထား သည်။
ယင်းနောက် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍရေးနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်သုံးစရိတ်အဖြစ် ငွေကျပ် ၂.၄ ဘီလီယံ အသုံးပြုခဲ့ပြီး ၂၀၁၅ - ၂၀၁၆ ဘဏ္ဍရေးနှစ်မှာတော့ ကာကွယ်ရေးအသုံးစ ရိတ် အဖြစ် ငွေကျပ် ၂ ဒသမ ရ၅၀ ထရီလီယံ အသုံးပြုနိုင်ရန် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီကလ ကျင်းပခဲ့ သော ပြည်ထောင်စုလွှတ်တော်သို့ တောင်းခံခဲ့ကြောင်း ၂၀၁၅ ခုနှစ်၊ဧပြီ ၂၇ ရက်က DVB သတင်းဌာနမှ ဖော်ပြထားသည်။
အဆိုပါ အသုံးစရိတ်များသည် တခြားသော ဝန်ကြီးဌာနများ၏ အသုံးစရိတ်များထက် များပြားနေပြီး တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အားနည်းမှုများရှိလာခဲ့သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများကဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အစိုးရနှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် EAO’s ၈ ဖွဲ့၊ လက်မှတ်မရေးထိုးသေးသည့် EAO’s ၁၃ ဖွဲ့၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် (BGF)အပြင် တပ်မတော်မဟုတ်သည့် လက်နက်ကိုင်စုစုပေါင်းလက်နက်ကိုင်အဖွဲ့ ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရှိရသည်။
မြန်မာငြိမ်းချမ်းရေးစင်တာ MPC ထုတ်ဝေသော Peace & NCA ငြိမ်းချမ်းရေးစာအုပ်၌ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက် ကိုင်အရေအတွက်အင်အား တစ်သိန်းအထက်ရှိနေပြီး လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်ရသူများ ခြောက်သိန်းငါးသောင်းအထက် ရှိနေသည်ဟု ရေးသားဖော်ပြထားသည်။
လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့်နေရာများမှာ KIO/KIA၊ SSPP/SSA၊ ULA/AA၊ MNDAA၊ PSLF/TNLA အခြေစိုက်ရာဒေသ များတွင် ဖြစ်သည်။ PSLF/TNLA နှင့်ဆိုပါက ၂၀၁၅ ခုနှစ်အစမှ ၂၀၁၆ ခုနှစ်အထိ နေ့စဉ် နီးပါး တိုက်ပွဲများ ဖြစ်ပွားနေပြီး MNDAA နှင့်လည်း ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊နိုဝင်ဘာလက ကွမ်လုံ၊ လောက်ကိုင်၊ ဘက်များတွင် ရက်ပေါင်း ၄၀ နီးပါး ဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း စစ်ရေး တင်းမားနေဆဲပင်ဖြစ်သည်။
အလားတူ KIO/KIA နှင့် SSPP/SSA ၊ ULA/AA တို့ဖြင့်လည်း မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေသည်။ ထို့အပြင် NCA လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA မှ ထုတ်ပယ်လိုက်သည့် ဗိုုလ်မှူးချုပ် ကျော်သက် နှင့် ဗိုုလ်မှူးကြီးစောဆန်းအောင်တို့ ဦးဆောင်သော တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသားတပ်တော် (ထုတ်ပယ်ခံ-DKBA) အနေဖြင့် ကရင်ပြည်နယ်၊ လှို်င်းဘွဲမြို့နယ်၊မယ်သဝေါဒေသအတွင်း တပ်မတာ်၊ BGF ပူးပေါင်း တပ် တို့ နှင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှ စတင်ကာ စက်တင်ဘာ ၁၆ ရက်နေ့ အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး ပြည်သူ ၄၀၀၀ ကျော် မြိုင်ကြီးငူဆရာတော်ကျောင်းသို့ သွားရောက် ခိုလှုံနေကြရသည်။
အဆိုပါ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် စစ်သုံး စရိတ်မည်မျှ ကုန်ကျနေသည်ကို အထက်ဖော်ပြပါစာရင်းများဖြင့် ခန့်မှန်းတွက်ချက်နိုင်မည် ထင်ပါသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ်ဘက်တွင် အစိုးရ တပ်မတော်မှ KIO ဘက်သို့ ၈၁ မမ၊ ၆၀ မမ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တို့ဖြင့် အချက်ပေါင်း ၂၀၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ၏ နည်းပညာအကြံပေးအဖွဲ့မှ ဦးဒေါင်းခါးက Eleven သတင်းစာတွင် ပြောကြားထားသည် ကို ဖတ်ရူခဲ့ရပါသည်။
“လောက်ကိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဆိုရင် စစ်သုံးစရိတ် ကုန်ကျငွေက ငွေကျပ်သိန်းထောင်ကျော်မယ်။ ဒါက နှစ်ဖက် ပေါင်းမဟုတ်ဘူးနော် တစ်ဖက်တည်းရဲ ့ကုန်ကျငွေကို ပြောတာပါ။ ဘာလို့လည်းဆိုတော့ လက်နက်ကိုင်တွေက RPG တို့၊ ၈၁ မမ တို့၊ ဆွန်ပေါင်ကျည်ကလည်း ၁ တောင့် ၄ ထောင် ၅ ထောင် ရှိတယ်။ ဆွန်ပေါင်ဆိုတာ ချိန်းနဲ့တပ်ပြီး ပစ်ရတဲ့ စက်သေနတ်ပဲ။ တိုုင်းရင်းသား လက်နက်ကိုင်တွေ အသုုံးပြုကြတာများတယ်။ စက်သေနတ် မှာ ချိန်းပါပြီး သေနတ်ပြောင်းမှာ ဒေါက်တပ်ထားတယ်။ သာမန်ရဲဘော် တွေက တယောက် ကိုု ကျည် ၁၅၀ - ၁၈၀ တောင့် သယ်လေ့ရှိ တယ်။ မနည်းဘူး ပွဲကြီးရင် ကြီးသလို တော်တော် ကုန်တယ်။ စက်သေနတ် သမားတွေက ကျည် ၂၅၀ - ၃၀၀ သယ်ကြ တယ်။ သိန်းထောင်ကြီးပိုုင်း ကုန်ပါတယ်။ ကချင် နဲ့ ပွဲလည်း အတော်ကုန်ပါမယ်” ဟု တိုင်းရင်းသား လက်နက်ကိုင်အရေး သုတေသနပြုလုပ်နေသူ တစ်ဦးက သူ၏ အတွေ့အကြံုကို ပြောပြသည်။
အဆိုပါ စစ်ပွဲ တစ်ပွဲ၏ ကုန်ကျငွေများဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် လိုအပ်နေသော စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စသည့် အခန်းကဏ္ဍများတွင်အသုံးပြု၍ ပူးပေါင်း ဆောင်ရွက်ကြ မည်ဆိုပါက ယခု နိမ့်ကျနေသော မြန်မာနိုင်ငံကို ပြန်လည်ကယ်တင်နိုင်မည်ဖြစ်သည်။ လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲများတွင် ပါဝင်ပတ်သက်နေသူများအားလုံး ချက်ချင်းရပ်တန့်ရန်လိုအပ်နေပြီး စစ်ပွဲ အတွက် ကျန်ကျစရိတ်ဖြင့် နိုင်ငံတော် တည်ဆောက်ရေးအတွက် ကြိုးစားရန် လိုအပ်မည်ဟု ထင်ပါသည်။







